PSM(News)
ဖေဖော်ဝါရီ ၄၊ ၂၀၂၆

ပြင်သစ်ရဲတပ်ဖွဲ့သည် အီလွန်မတ်စ်၏ လူမှုကွန်ရက်ပလက်ဖောင်းဖြစ်သော X ၏ ပဲရစ်ရုံးခန်းကို အင်္ဂါနေ့တွင် ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်၊
ပဲရစ်အစိုးရရှေ့နေရုံးကလည်း ကုမ္ပဏီအပေါ် စုံစမ်းစစ်ဆေးမှုများ ပိုမိုကျယ်ပြန့်လာသည့်အတွက် နည်းပညာနယ်ပယ်မှ ဘီလျံနာ အီလွန်မတ်စ်ကို ဧပြီလတွင် လာရောက်ဖြေရှင်းရန် ဆင့်ခေါ်လိုက်သည်။

ဥရောပရဲတပ်ဖွဲ့ (Europol) ပါဝင်ပတ်သက်နေသည့် အဆိုပါ စီးနင်းရှာဖွေမှုသည် X ပလက်ဖောင်း သို့မဟုတ် ၎င်း၏ အမှုဆောင်အရာရှိများက အယ်လ်ဂိုရီသမ် (Algorithms) များအား အလွဲသုံးစားပြုလုပ်ခြင်းနှင့် အချက်အလက်များကို မရိုးမသား ထုတ်ယူခြင်းတို့အပေါ် တစ်နှစ်ကြာ စုံစမ်းစစ်ဆေးနေသည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ပဲရစ်အစိုးရရှေ့နေရုံး၏ ထုတ်ပြန်ချက်အရ X ၏ ဉာဏ်ရည်တုChatbot ဖြစ်သော Grok ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ တိုင်ကြားမှုများ ရှိလာပြီးနောက် စုံစမ်းစစ်ဆေးမှုကို ပိုမိုတိုးချဲ့ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယခုအခါ စုံစမ်းစစ်ဆေးမှုတွင် ကလေးသူငယ်ညစ်ညမ်းပုံရိပ်များ လက်ဝယ်ထားရှိခြင်းနှင့် ဖြန့်ဝေခြင်းတွင် ပူးပေါင်းပါဝင်မှု၊ ကာယကံရှင်၏ သဘောတူညီချက်မပါဘဲ လိင်မှုရေးရာ နက်ရှိုင်းစွာတုပထားသော ရုပ်ပုံများဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် အခြားသော ရာဇဝတ်မှုမြောက်နိုင်သည့် ကိစ္စရပ်များ ပါဝင်လာခဲ့သည်။

အီလွန်မတ်စ်နှင့်အတူ ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဟောင်းဖြစ်သူ လင်ဒါ ယာကာရီနိုတို့ကို ဧပြီလ ၂၀ ရက်နေ့တွင် ပြုလုပ်မည့် ကြားနာပွဲသို့ တက်ရောက်ရန် ဆင့်ခေါ်ထားပြီး၊ အခြားသော X ဝန်ထမ်းများကိုလည်း သက်သေများအဖြစ် ဆင့်ခေါ်ထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ X ဘက်မှ ချက်ချင်းတုံ့ပြန်ဖြေကြားခြင်း မရှိသေးသော်လည်း၊ ယခင်ကမူ အီလွန်မတ်စ်က ပြင်သစ်အစိုးရရှေ့နေများ၏ စုံစမ်းစစ်ဆေးမှုမှာ “နိုင်ငံရေးအရ လှုံ့ဆော်သည့် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု” သာ ဖြစ်သည်ဟု ငြင်းဆိုထားဖူးသည်။

“လက်ရှိအခြေအနေမှာတော့ ဒီစုံစမ်းစစ်ဆေးမှုဟာ ပြင်သစ်နိုင်ငံအတွင်း လုပ်ငန်းဆောင်ရွက်နေတဲ့ X ပလက်ဖောင်းအနေနဲ့ ပြင်သစ်နိုင်ငံရဲ့ ဥပဒေတွေကို လိုက်နာမှုရှိစေဖို့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတစ်ရပ်အနေနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု အစိုးရရှေ့နေရုံးက ပြောကြားခဲ့သည်။

ကိုးကား Reuters

ပြင်သစ်ရဲတပ်ဖွဲ့

X_ရုံးခန်း

ဝင်ရောက်ရှာဖွေ

အီလွန်မတ်စ်

ဆင့်ခေါ်

PSM_News

By Htet Ko