PSM(News)ဖေဖော်ဝါရီ ၄၊ ၂၀၂၆ မြန်မာနိုင်ငံတွင် ယမန်နေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ တစ်ရက်အတွင်း မန္တလေးနှင့် မကွေးတိုင်းတို့ကို ဗဟို ပြု၍ အင်အားအသင့်အတင့်ရှိသော မြေငလျင် ၃ ကြိမ်ဆက်တိုက် လှုပ်ခတ်သွားကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီး ဌာန (MoSLHA) က ထုတ်ပြန်သတိပေးထားသည်။ ပထမအကြိမ်အဖြစ် ယမန်နေ့ နေ့လယ် ၁၂ နာရီ ၄၂ မိနစ်က မန္တလေးတိုင်း၊ အောင်မြေသာဇံမြို့နယ် အတွင်း မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၂ အဆင့်ရှိငလျင် လှုပ်ခတ် ခဲ့သည်။ ယင်းနောက် ည ၁၀ နာရီ ၄ မိနစ်တွင် မကွေးတိုင်း၊ ရေနံချောင်းမြို့၏ အနောက်ဘက် ၉၅ ကီလိုမီတာ အကွာ (ရခိုင်နှင့် မကွေးအစပ်) ကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၅.၉ အဆင့်ရှိ အင်အားအတော် အသင့်ပြင်းသော ငလျင် ထပ်မံလှုပ်ခတ်ခဲ့သည်။ ဆက်လက်၍ ည ၁၀ နာရီ ၂၁ မိနစ်တွင် မကွေးတိုင်း၊ စေတုတ္တရာမြို့အနီး (ရေနံချောင်းမြို့၏ အနောက် ဘက် ၈၉ ကီလိုမီတာအကွာ) ကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၅.၂ အဆင့်ရှိ နောက်ဆက်တွဲငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း MoSLHA အသိပေး ထုတ်ပြန်ထားသည်။ ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရန်အတွက် ပြည်သူများအနေဖြင့် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဆောင်ရန်၊ ရှောင်ရန်နှင့် သတိပြုရန်အချက်များနှင့်အညီ ဂရုတစိုက် နေထိုင်ကြပါရန် MoSLHA က အသိပေးနှိုးဆော်ထားသည်။ အဆိုပါ ငလျင်လှုပ်ခတ်မှုများကြောင့် မြန်မာပြည်အလယ်ပိုင်းရှိ စေတုတ္တရာ၊ မင်းဘူး၊ မကွေးမြို့များ အပြင် ချင်း နှင့် ရခိုင် အစပ်တို့တွင်ပါ ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရပြီး လတ်တလော စုံစမ်းမှုအရ ထိခိုက် ပျက်စီးမှု မရှိကြောင်း သိရသည်။ ဓာတ်ပုံ-MoSLHA ငလျင်လှုပ် NUG MoSLHA မန္တလေး မကွေး PSM_News Post navigation မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းမှ ကျဆုံးရဲဘော်များ၏ မိသားစုဝင်များကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ထောက်ပံ့ငွေများ ပေးအပ် ကချင်တော်လှန်ရေး ရည်မှန်းချက်များ အမြန်ဆုံးပြည့်ဝပါစေဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ ဆုတောင်း ဂုဏ်ပြု