PSM (News) ဩဂုတ် ၃၁၊ ၂၀၂၆ ဆွစ်ဇာလန်နိုင်ငံ အာရာဝ် (Aarau) မြို့ရှိ ရေဗ် (Rave) ပါတီပွဲတစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အသက် (၂၂) နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ အခြားသူ (၅) ဦး ဒဏ်ရာရရှိခဲ့ပြီး တရားခံကို လိုက်လံရှာဖွေလျက်ရှိကြောင်း ဒေသန္တရရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။ အဆိုပါဖြစ်ရပ်တွင် ထိခိုက်ဒဏ်ရာရရှိသူများအားလုံးသည် ဆွစ်ဇာလန်နိုင်ငံတွင် နေထိုင်ကြသူများဖြစ်ပြီး အသက် (၂၀) ကျော်အရွယ်များဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့က မြို့၏နေရာအများအပြားကို ပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်နေပြီး အဆိုပါဖြစ်ရပ်နှင့်ပတ်သက်သည့် ဓာတ်ပုံ သို့မဟုတ် အချက်အလက်များကို ပေးကြရန် ပြည်သူများကို မေတ္တာရပ်ခံထားကြောင်း သိရသည်။ တနင်္ဂနွေနေ့ နံနက် ၂ နာရီခွဲအချိန်တွင် သီချင်းရပ်တန့်သွားပြီးနောက် မီးပန်းဖောက်သည်ဟု ထင်မှတ်ရလောက်အောင် ကျည်ဆံသံများကို ကြားခဲ့ရကြောင်း သက်သေတစ်ဦးက ပြောကြားခဲ့သည်။ ပါတီပွဲကျင်းပသူများ၏ ဖော်ပြချက်အရ အဆိုပါ အီလက်ထရောနစ် တက်ခ်နို ပါတီပွဲကို ခေါင်မိုးပါရှိသည့် မြင်းပြိုင်ကွင်းတစ်ခုတွင် ကျင်းပခြင်းဖြစ်ပြီး လူဦးရေ (၃,၅၀၀) ခန့် တက်ရောက်ရန် မျှော်မှန်းထားခဲ့ကြောင်း သိရသည်။ သေနတ်ကိုင်ဆောင်မှုနှုန်း မြင့်မားသော်လည်း အကြမ်းဖက်ပစ်ခတ်မှုများ ဖြစ်ပွားမှုနည်းပါးသည့် ဆွစ်ဇာလန်နိုင်ငံတွင် ယခုကဲ့သို့ အဖြစ်အဆိုးမျိုး ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ ကိုးကား – Reuters Post navigation အစ္စလာမ်မစ်နိုင်ငံများအကြား စည်းလုံးညီညွတ်ရေးအီရန်ခေါင်းဆောင်သစ်တိုက်တွန်း နီပေါနိုင်ငံတွင် ရေဘေးသင့်ခဲ့သည့် ရွာသူရွာသားများ အမှတ်တရပစ္စည်းများကို ရှာဖွေရန် ပျက်စီးသွားသည့် နေအိမ်များဆီသို့ ပြန်လည်ရောက်ရှိလာ