PSM(News)

ဇူလိုင် ၃၁၊ ၂၀၂၆

အာဏာလု စစ်အုပ်စုက ကျောက်ခက်ဒေသရှိ ကျားဖြန့်အွန်လိုင်းငွေလိမ် လုပ်ငန်းများကို စီးနင်းနှိမ်နင်းခဲ့ သည်ဆိုသည်မှာ ဟန်ပြသာ ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုဌာနချုပ်က ယနေ့ ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်သည်။

ထို့အပြင် KNU ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့အပေါ် ငွေကြေးယူ၍ အကာအကွယ် ပေးထားသည်ဆိုသည့် စစ်အုပ်စု၏ စွပ်စွဲချက်များမှာလည်း အခြေအမြစ်မရှိကြောင်း KNU က ပြင်းထန်စွာ ရှုတ်ချထားသည်။

စစ်အုပ်စု၏ ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်နေ့က ထုတ်ပြန်ထားသည့် ကျောက်ခက်ဒေသ ကျားဖြန့် ဝင်ရောက်စီးနင်းမှု ကြေညာချက်နှင့် ပတ်သက်၍ KNU က ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

အာဏာလု စစ်အုပ်စု ဝင်ရောက်စီးနင်းခဲ့သည့် နေရာမှာ ကျောက်ခက်နှင့် သက်ဆိုင်ခြင်းမရှိဘဲ မိုင် ၃၀ ကျော် ကွာဝေးသည့် ဖလူးလေးတောင်ကြော အနောက်ဘက်ခြမ်းမှ ကျားဖြန့်ဝင်းသာ ဖြစ်ကြောင်း မြေပြင်အချက်အလက်များကို ကိုးကား၍ KNU က ထောက်ပြထားသည်။

အဆိုပါနေရာမှာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ မကြာမီက ပြန်လည်ပူးပေါင်းခဲ့သည့် ဖလူးဒေသဘက်၌ တည်ရှိခြင်းဖြစ်ကြောင်း KNU က ဆိုသည်။

“ကျောက်ခက်” ဆိုသည်မှာ မြဝတီတောင်ဘက် မိုင် ၃၀ ခန့်အကွာ ထိုင်းနယ်စပ်အနီးတွင်ရှိပြီး DKBA ၏ စီးပွားရေးတာဝန်ခံ ဗိုလ်ချုပ်စိုင်းကျော်လှ ကြီးကြပ်သည့် “Tai Chang” အွန်လိုင်းငွေလိမ် ခြံဝင်းကြီး ဖြစ်သည်။ဗိုလ်ချုပ်စိုင်းကျော်လှမှာ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနှင့် ဒုစရိုက်လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုကြောင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်ကတည်းက အမေရိကန်အစိုးရ၏ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု ခံထားရသူ ဖြစ်သည်။

စစ်အုပ်စုအနေဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားသော ကျောက်ခက်ကျားဖြန့် ခြံဝင်းကြီးကို ဝင်ရောက် နှိမ်နင်းခဲ့သယောင် အမည်တပ်၍ နိုင်ငံတကာအား လှည့်စားဖျောက်ဖျက်နေခြင်းဖြစ်ကြောင်း KNU က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဏာလုစစ်အုပ်စုသည် ယမန်နှစ် ၂၀၂၅ ခုနှစ် နှောင်းပိုင်းက KK Park နှင့် ရွှေကုက္ကိုလ် ဒေသရှိ အဆောက် အအုံများကို ဟန်ပြဖျက်ဆီးခဲ့ပြီးနောက် ထွက်ပြေးလာကြသည့် တရုတ်လူမျိုးအများစု ပါဝင်သော နိုင်ငံခြားသား ကျားဖြန့်လုပ်သားများသည် BGF နှင့် DKBA တို့၏ ကာကွယ်ထောက်ပံ့မှုဖြင့် နယ်စပ်နှင့်ဝေးသော အတွင်းပိုင်းနေရာများသို့ ပြောင်းရွှေ့ကာ အဆောက်အအုံသစ်များ နေ့ညမပြတ် ဆောက်လုပ် အခြေချခဲ့ကြောင်း သိရသည်။

ထို့အပြင် KNU အုပ်ချုပ်သည့် နေရာများနှင့် နီးစပ်သော ဒေသများ၌ ပြည်သူများထံမှ မြေများကို အတင်းအဓမ္မ ဝယ်ယူမှုများ ရှိနေသဖြင့် မိမိတို့ အုပ်ချုပ်ရာ နယ်မြေများတွင် ကျားဖြန့်နှင့် ဆက်စပ်ရာဇဝတ်မှုများကို လုံးဝသလက်ခံမည် မဟုတ်ဘဲ ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း KNU က သတိပေးထားသည်။

အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့်လည်း စစ်အုပ်စု၏ ဟန်ပြနှိမ်နင်းမှုများကို သေချာစွာ စိစစ်ပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုနှင့် ကျားဖြန့်အွန်လိုင်းငွေလိမ် လုပ်ငန်းများကို အမှန်တကယ် တိုက်ဖျက်နေသည့် မြေပြင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် KNU က တောင်းဆိုထားသည်။

ပုံစာ-ကျောက်ခက်ဒေသရှိ ကျားဖြန့်အဆောက်အအုံ တစ်ခုကို တွေ့ရစဉ်။

By Htet Ko