PSM (News)

ဇူလိုင် ၃၁ ၊၂၀၂၆

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အနောက်ခြမ်း၊ အလယ်ကျွန်းကျေးရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က မူးယစ်ဆေးသုံးစွဲသူများအား ပစ်ခတ်ဖမ်းဆီးစဉ် လမ်းသွားလာနေသည့် အရပ်သားတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက် နံနက် ၉ နာရီခန့်က မူးယစ်ဆေးသုံး စွဲနေကြောင်း သတင်းရရှိ၍ သွားရောက်ဖမ်းဆီးစဉ် သုံးစွဲသူများ ဝရုန်းသုန်းကား ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ လမ်းသွားလမ်းလာ အရပ်သားတစ်ဦး ကျည်ဆံထိမှန် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ကျည်ဆံထိမှန်သူ လမ်းသွားလမ်းလာမှာ အသက် (၄၁) နှစ်အရွယ် ကိုမိုးမင်း ဆိုသူဖြစ်ပြီး ၎င်း၏ နောက်ကျောမှ ဘက်ဘက်ရင်အုံသို့ ကျည်ဖောက်ထွက်ကာ အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးခဲ့ခြင်းဖြစ်သည်။

“သူတို့က ဖိုး(ဘိန်းဖြူ)ဝိုင်းသွားဖမ်းတာ။ အဲ့ဒီမှာ ဖိုးသမားတွေ ထပြေးကြတော့ ပစ်လိုက်တာ။ လမ်းလျှောက်နေတဲ့သူကို သွားထိပြီး သေသွားတာ။ မှန်တာက နောက်ကျောကနေ ဘယ်ဖက်ရင်အုံကို ဖောက်ထွက်သွားတာပါ။ ဖြစ်ပြီးပြီးချင်း ဆေးဝါးကုသမှု ပေးတာမျိုး မရှိဘူး။ အပြင်လူ ဝင်ခွင့်မပေးတာအပြင် မိသားစုတောင် အဝေးကပဲ ကြည့်ပြီး အတည်ပြုရတယ်” ဟု ဒေသခံတစ်ဦးက PSM ကိုပြောသည်။

အခင်းဖြစ်ပွားသည့် နေရာသို့ အရပ်သားများနှင့် မိသားစုဝင်များ ဝင်ရောက်ခွင့်ကို ပိတ်ပင် ထားခဲ့သော်လည်း ပလဖ ဘက်မှ နစ်နာသူ မိသားစုထံ လျော်ကြေးပေး ကြေအေးခဲ့ကြောင်းနှင့် ပစ်ခတ်ခဲ့သည့် ရဲဘော်အား ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကာကွယ်ရေးတပ်ဖွဲ့များနှင့် နီးစပ်သည့် ဒေသခံများထံမှ သိရသည်။

အင်းတော်မြို့နယ်အတွင်း ဒေသဆိုင်ရာ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့များ၏ စစ်ဆေးမေးမြန်းမှုနှင့် ထိန်းသိမ်းမှုများအတွင်း ယခင်ကလည်း အရပ်သား သေဆုံးမှု ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

ယမန်နှစ် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၁ ရက်က အင်းတော်မြို့နယ်၊ မော်တိတ်ကျေးရွာမှ အသက် (၃၈) နှစ်အရွယ် ကိုဇော်ထွေး ဆိုသူကို ဆိုင်ကယ်ခိုးယူမှုဖြင့် အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ရိုက်နှက်စစ်ဆေးမေးမြန်းစဉ် လက်လွန်သေဆုံးခဲ့ဖူးသည်။

ပုံစာ – ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က အင်းတော်မြို့နယ် ပလဖနှင့် ဥပဒေရုံးတို့ ပူးပေါင်းကာ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးစဉ်။

By Htet Ko