PSM(News)

ဩဂုတ် ၂၊ ၂၀၂၆

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ် အစပ်ရှိ ရေနံမှော်များဆီသို့ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုသည် တော်လှန်ရေးတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် တပ်လန်ကာ နောက်ပြန်ဆုတ် သွားကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက PSMကို ပြောကြားသည်။

စစ်အုပ်စုသည် ရေနံမှော်များကို စစ်ကြောင်းထိုးရန်အတွက် ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) နှင့် မြိုင် စက်မှု (၂) တို့မှ ပူးပေါင်းအင်အား ၁,၀၀၀ ခန့်ဖြင့် လွန်ခဲ့သည့် ဇူလိုင် ၂၂ ရက်ကတည်းက ရေနံမှော်များနှင့် ၅ မိုင်ခန့်အကွာရှိ သင်းမကျေးရွာ၌ အခြေချ တပ်စွဲခဲ့ခြင်းဖြစ်သည်။

ထိုသို့ တပ်စွဲထားစဉ် တော်လှန်ရေးတပ်ဖွဲ့များ၏ ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်မှုကြောင့် သင်းမရွာ အနီး တိုက်ပွဲများ အလွန်ပြင်းထန်ခဲ့ပြီး စစ်အုပ်စုဘက်က လေကြောင်းပစ်ကူများ ဒါဇင်နှင့် ချီကာ ထောက်ပံ့ပေးခဲ့ရသည်။

ဇူလိုင် ၂၈ ရက်က စစ်ကြောင်း တပ်စွဲထားသည့် နေရာအနီးဝန်းကျင်သို့ ဂျက်ဖိုက်တာ ခြောက် စင်း Y-12 လေယာဉ် နှစ် စင်းတို့ဖြင့် ညလုံးပေါက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အညာမြေ အရပ်ဘက်အဖွဲ့အစည်းက ထုတ်ပြန်ထားသည်။

သင်းမရွာတွင် အခြေပြုတပ်စွဲထားသော စစ်အုပ်စု စစ်ကြောင်းသည် တော်လှန်ရေးတပ်ဖွဲ့များ၏ အဆက်မပြတ် ဖိအားပေး တိုက်ခိုက်မှုကြောင့် သင်းမရွာအတွင်းမှ ဆုတ်ခွာသွားခဲ့ရပြီး၊ အဆိုပါ ဆုတ်ခွာသွားသည့် စစ်အုပ်စု တပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့များက လိုက်လံတိုက်ခိုက်လျက် ရှိကြောင်း စစ်ရေးအရင်းအမြစ်က အတည်ပြုသည်။

စစ်အုပ်စုသည် သင်းမရွာမှ မဆုတ်ခွာမီ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် အလုံး ၄၀ မီးလောင်ကျွမ်းခဲ့ကြောင်း နယ်မြေရှင်းလင်းရေး ကွင်းဆင်းခဲ့သည့် ပခုက္ကူခရိုင် တပ်ရင်း (၆) က ထုတ်ပြန်ထားသည်။

သင်းမရွာမှ ဆုတ်ခွာလာသော အဆိုပါ စစ်ကြောင်းသည် ဘောင့်ဘင်ရွာသို့ ရောက်ရှိနေပြီး စစ်ကြောင်း၏ နောက်ဆက်တွဲ လှုပ်ရှားမှု အခြေအနေများကို PSM News က ဆက်လက် စုံစမ်းမေးမြန်းလျက် ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းကာ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် စစ်အုပ်စု၏ လက်ချက်ကြောင့် အပြစ်မဲ့ အရပ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် – ပကဖ) က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- အညာမြေ အရပ်ဘက်အဖွဲ့အစည်း

By Htet Ko