မောင်မောင်ကဲ/PSM (News)

ဇူလိုင် ၃၁ ၊ ၂၀၂၆

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ၏ အမိန့်ကို နာခံခြင်းမရှိဘဲ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်ကတည်းက ထုတ်ပယ်ခံခဲ့ရသည့် ဗိုလ်မှူးချုပ် စောကျော်သက်နှင့် တပ်ဖွဲ့ဝင် ၃၅၀ ခန့်သည် မိခင် DKBA ထံသို့ ပြန်လည် ဝင်ရောက်လာကြောင်း သိရသည်။

ကလို့ထူးဝါး စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စောကျော်သက်နှင့် တပ်ဖွဲ့ဝင် ၃၅၀ ခန့်ကို မိခင် DKBA က ပြန်လည်လက်ခံလိုက်ကြောင်း ယနေ့ ဇူလိုင် ၃၁ ရက် တွင် DKBA ဗဟိုစစ်ဌာနချုပ် (ဆုံဆည်းမြိုင်) က အမိန့်ကြေညာချက် ထုတ်ပြန်ထားသည်။

မိခင်အဖွဲ့အစည်းနှင့် ထိုသို့ ပြန်လည်ပေါင်းစည်းခြင်းကို DKBA က အသိအမှတ်ပြုခဲ့ပြီး ဗိုလ်မှူးချုပ် စောကျော်သက်အား အမှတ် (၃) စစ်ကွပ်ကဲရေး၏ စစ်ကွပ်ကဲရေးမှူး တာဝန် အသစ်ပြန်လည် ပေးအပ်လိုက်ကြောင်း သိရသည်။

ဗိုလ်မှူးချုပ် စောကျော်သက် ဦးစီးသည့် တပ်ဖွဲ့သည် ၂၀၁၅ ခုနှစ် ဇူလိုင်လဆန်းပိုင်းက မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် ဂိတ်ကောက်ခံသည့် ကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စများနှင့် ပတ်သက်၍ စစ်တပ်အပါအဝင် နယ်ခြားစောင့်တပ် (BGF) တို့နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား ခဲ့သည်။

ထိုစဉ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရန် ပြင်ဆင်နေသည့် DKBA က ဗိုလ်စောကျော်သက်ကို တိုက်ပွဲများ ရပ်တန့်ရန် ညွှန်ကြားခဲ့သည်။ သို့သော် ဗိုလ်စောကျော်သက်နှင့် ဗိုလ်စောဆန်းအောင် တို့ ဦးဆောင်သည့် “ကလို့ထူးဝါး ဗျူဟာတပ်ဖွဲ့” က အမိန့်ကို နာခံခြင်းမရှိဘဲ တိုက်ပွဲများ ဆက်လက် ဆင်နွှဲခဲ့သဖြင့် ၂၀၁၅ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွှေး) က ၎င်းတို့ကို ရာထူးမှ ထုတ်ပယ်၍ လမ်းခွဲခဲ့သည်။

ထိုသို့ ထုတ်ပယ်ခံရပြီးနောက် ဗိုလ်မှူးကြီး စောဆန်းအောင်နှင့် တပ်ဖွဲ့ဝင် ၁၃ ဦးသည် ကိုင်ဆောင် ထားသည့် လက်နက်ခဲယမ်းများနှင့်အတူ ၂၀၂၀ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့တွင် မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်ရှိ DKBA ဌာနချုပ်၌ ပြုလုပ်ခဲ့သည့် အခမ်းအနားမှတစ်ဆင့် မိခင် DKBA ထံ ပြန်လည်ဝင်ရောက်ခဲ့သော်လည်း ထိုစဉ်က ဗိုလ်မှူးချုပ် စောကျော်သက်မှာ ပါဝင်ခဲ့ခြင်း မရှိပေ။

“ခွဲထွက် စောကျော်သက်” အဖြစ် ရပ်တည်ခဲ့သည့် အဆိုပါ တပ်ဖွဲ့သည် ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း အာဏာလု စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့၍ KNU/KNLA တပ်မဟာ (၆) စစ်ဒေသများတွင် အခြေစိုက်ကာ PDF လူငယ်များကို စစ်သင်တန်းပေးခြင်း၊ ကျားဖြူ၊ ဒေါန စသည့် တော်လှန်ရေး ပူးပေါင်းစစ်ကြောင်းများနှင့်အတူ မြဝတီ၊ ဖလူး၊ ဝေါလေ၊ စုကလိ နှင့် ထို့ကော်ကိုး လမ်းပိုင်းများတွင် ပါဝင်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်။

အာဏာလု စစ်အုပ်စုကို ၅ နှစ်နီးပါး တိုက်ခိုက်ခဲ့သည့် ဗိုလ်မှူးချုပ် စောကျော်သက်နှင့် အဖွဲ့သည် ယခုအခါ မြေပြင်စစ်ရေး ဖိအားများပြားလာခြင်း၊ စစ်ကြောင်းများ အပြောင်းအလဲဖြစ်လာခြင်းနှင့် ကရင်အချင်းချင်း ပြန်လည် စုစည်းရန် လိုအပ်ချက်များကြောင့် မိခင် DKBA ထံသို့ ပြန်လည် ပေါင်းစည်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ထိုသို့ ပြန်လည်ပေါင်းစည်းမှု မပြုမီ ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်နေ့တွင်လည်း DKBA ဗဟိုက ဖလူးဒေသတွင် ဖြစ်ပေါ်နေသော စစ်ရေးပဋိပက္ခများ၌ DKBA တပ်ဖွဲ့ဝင် မည်သူတစ်ဦးတစ်ယောက်မှ ပါဝင်ပတ်သက်မှု မရှိရန်နှင့် ပါဝင်ပတ်သက်ပါက ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကာ စစ်ရေးအရ ပါဝင်ပတ်သက်မှုမရှိရေး မူဝါဒကို ကြိုတင် အသိပေးထားသည်။

ဓာတ်ပုံ-DKBA, လူမှုကွန်ရက်

By Htet Ko