PSM(News) ဇူလိုင် ၃၁၊ ၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာသည် ဇူလိုင် ၃၀ ရက် ညပိုင်းတွင် အလျား ပေ ၅၀ ခန့် တာကျိုးပေါက်သွားခဲ့သဖြင့် ရပ်ကွက်နှင့် ကျေးရွာအချို့အတွင်းသို့ ရေများ ပြင်းထန်စွာ ဝင်ရောက်လာပြီး ဒေသခံ အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ အရေးပေါ် ကူညီ ရွှေ့ပြောင်းပေးနေရကြောင်း သိရသည်။ လေးမျက်နှာမြို့နယ်၊ သခွက်ချောင်းကျေးရွာအုပ်စု၊ မြစ်ကျိုးကျေးရွာရှိ အမြင့် ၁၈ ပေရှိသော တာမိုင်အမှတ် (၂၅/၃) တွင်ယမန်နေ့ ဇူလိုင် ၃၀ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်က သဲဗွက်ဖြစ်ပေါ်ကာ တာနိမ့်ဆင်းမှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ တာနိမ့်ဆင်းသည့်နေရာအား မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဒေသခံများ ပူးပေါင်း၍ တုတ်ရိုက်ခြင်း၊ သဲအိတ်စီခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ သိုသော် ည ၁၀ နာရီ ၄၂ မိနစ်ခန့်တွင် ရေကာတာမှာ အလျား ပေ ၅၀ ခန့်အကျယ် တာကျိုးပေါက်ပြီး ရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်ခဲ့သည်။ တာကျိုးပေါက်မှုကြောင့် မြို့နယ်အတွင်းရှိ အမှတ် (၃)၊ (၄)၊ (၅) ရပ်ကွက်များနှင့် ဂျမ်းကုန်း၊ ကျွန်းတဲ၊ ကွမ်းခြံကုန်း ကျေးရွာများအတွင်းသို့ မြစ်ရေများ လျှင်မြန်စွာ စီးဝင်လာခဲ့ကြောင်း လေးမျက်နှာ မြို့ခံများ ထံမှ သိရသည်။ “ရေက မြို့ပေါ်အထိပါ ရောက်လာနေပြီ။ လမ်းမကြီးလည်း ရေကျော်သွားပြီမို့ ဒေသခံတွေကို ဘေးလွတ်ရာဆီ အရေးပေါ် ရွှေ့ပြောင်းမှုတွေ ဆောင်ရွက်နေကြတယ်။ လတ်တလော အခြေအနေအရ စာသင်ကျောင်းတွေကိုလည်း ပိတ်ထားရပါတယ်” ဟု လေးမျက်နှာရှိဒေသခံက PSM ကို ပြောသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက်ပိုင်းတွင် တိုင်းမီးသတ်ဦးစီးမှူး ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဒေသခံများ ပူးပေါင်းကာ ရေဘေးသင့် အိမ်ထောင်စုများအား ဘေးလွတ်ကင်းသည့် နေရာများသို့ ရွှေ့ပြောင်းပေးလျက်ရှိကြောင်း မီးသတ် ဦးစီးဌာနက ထုတ်ပြန်ထားသည်။ လက်ရှိတွင် ဟင်္သာတခရိုင် မီးသတ်ဦးစီးမှူး ဦးဆောင်သည့် ပူးပေါင်းအဖွဲ့များက မြစ်ရေအမှတ် စောင့်ကြည့်ခြင်းနှင့် တာဘောင် ထပ်မံ မပြိုကျစေရေး ပြုပြင်ခြင်းလုပ်ငန်းများအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဓာတ်ပုံ-MFS Post navigation မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားသည်မှာ ရက်ပေါင်း ၂၀၀၀ ကျော်လွန်ပြီဖြစ်၍ အသက်ရှင်နေထိုင်မှုကို သက်သေပြရန်နှင့် တွေ့ဆုံခွင့်ရရှိရေး ကိုထိန်လင်း တောင်းဆို DKBA မှ ၁၁ နှစ်ကြာ ထုတ်ပယ်ခံခဲ့ရသူ ဗိုလ်မှူးချုပ် စောကျော်သက်နှင့် အင်အား ၃၅၀ ခန့် မိခင် အဖွဲ့အစည်းထံ ပြန်လည် ပေါင်းစည်း