မောင်မောင်ကဲ/PSM (News)

ဇူလိုင် ၃၀ ၊ ၂၀၂၆

အသက် ၈၁ နှစ်အရွယ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို အာဏာလုစစ်အုပ်စုက မတရား ဖမ်းဆီးထားသည်မှာ ရက်ပေါင်း ၂,၀၀၀ ကျော်လွန် သွားပြီဖြစ်သည်။

ထိုသို့ဖမ်းဆီထားသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း ယနေ့ထိတိုင် အသက်ရှင်နေထိုင်ကြောင်း ယုံကြည်စိတ်ချရသည့် သက်သေအထောက်အထား တစ်စုံတစ်ရာ မရရှိသေးသဖြင့် အဆုံးသတ် တိတ်ဆိတ်မနေကြရန် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်အဲရစ်က ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ထပ်မံ တောင်းဆိုခဲ့သည်။

“ကျွန်တော့်မေမေကို စစ်အာဏာရှင်တွေ မတရားဖမ်းဆီးပြီး ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တာ ရက်ပေါင်း ၂,၀၀၀ ကျော်သွားပါပြီ။ ဒီကာလတစ်လျှောက်လုံး မေမေနဲ့ ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ အချက် အလက်တွေရဖို့ အစိုးရတွေ၊ သံတမန်တွေနဲ့ မေမေ ဘယ်မှာရှိလဲဆိုတာ ကျွန်တော် ကြိုးစားစုံစမ်းခဲ့ပေမဲ့ မသိရသေးပါဘူး။ မေမေ အသက်ရှင်နေတယ်ဆိုတဲ့ ယုံကြည်စိတ်ချရပြီး လွတ်လပ်စွာ အတည်ပြုနိုင်တဲ့ အထောက်အထား မရရှိသေးပါဘူး” ဟု ကိုထိန်လင်းက ဆိုထားသည်။

ထို့ပြင် ရက်ပေါင်း ၂,၀၀၀ ကျော်ကြာသည်အထိ မည်သည့် အစိုးရတစ်ရပ်ကမျှ ဖုန်းဆက်သွယ်မှုတစ်ခု (သို့မဟုတ်) သက်ရှိထင်ရှား ရှိနေသေးသည်ဆိုသည့် လွတ်လပ်သော အတည်ပြုချက်တစ်ခုတောင် မရရှိသေးသည့်အပေါ် ကိုထိန်လင်းက မေးခွန်းထုတ်ထားပြီး ယခုကဲ့သို့ ဖုံးကွယ်ထားသည့် တိတ်ဆိတ်မှုကို အဆုံးသတ်ရမည်ဖြစ်ကြောင်းလည်း ပြောကြားထားသည်။

အာဏာလု စစ်အုပ်စုသည် ပြီးခဲ့သည့် ဧပြီ ၃၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ထောင်တွင်းမှ နေအိမ်အချုပ်သို့ ပြောင်းရွှေ့လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် စစ်အုပ်စု၏ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေအရ ပြစ်ဒဏ်ကျခံနေရ သူဖြစ်သဖြင့် အာဆီယံ အထူးကိုယ်စားလှယ် အပါအဝင် နိုင်ငံတကာ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခွင့် ပြုမည်မဟုတ်ကြောင်း ငြင်းဆန်ထားသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနှင့် မိသားစုဝင်များထံမှ လုံးဝ သီးခြားခွဲထုတ်၍ ဖမ်းဆီးထားပြီး ယနေ့အချိန်အထိ မည်သည့် အဖွဲ့အစည်းနှင့်မျှ တိုက်ရိုက်တွေ့ဆုံခွင့် ပေးခြင်း မရှိသေးပေ။

သို့သော် မကြာသေးမီက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် အာဆီယံအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်ကို “အစ်မကြီး” တစ်ဦးကဲ့သို့ သဘောထားကာ ကျန်းမာရေး ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားသည်ဟု အာဏာလု စစ်အုပ်စုဝန်ကြီးက ပြောဆိုခဲ့သည်။

ဓာတ်ပုံ-လူမှုကွန်ရက်

By Htet Ko