PSM (News)

ဇူလိုင် ၃၁၊၂၀၂၆

အိန္ဒိယနိုင်ငံ၏ အမျိုးသားဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (NEET) မေးခွန်းလွှာများ ပေါက်ကြားမှုနှင့် ဆက်စပ်ပြီး ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CBI) သည် လူ ၁၃ ဦးကို တရားစွဲဆိုလိုက်ပြီ ဖြစ်သည်။ ယင်းမေးခွန်းပေါက်ကြားမှု အရှုပ်တော်ပုံကြောင့် ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ၏ အစိုးရအဖွဲ့မှ ပညာရေးဝန်ကြီး ရာထူးမှ နုတ်ထွက်ခဲ့ရပြီး ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ အရေးယူမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

မေလအတွင်းက ကျင်းပခဲ့သော NEET စာမေးပွဲကို ကျောင်းသား ၂ သန်းခန့် ဖြေဆိုခဲ့ကြသည်။ သို့သော် မေးခွန်းလွှာများ ပေါက်ကြားခဲ့သည်ဆိုသော စွပ်စွဲချက်များကြောင့် စာမေးပွဲကို ပယ်ဖျက်ခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့တွင် ပြန်လည်ဖြေဆိုခဲ့ရသည်။

CBI ၏ ဗုဒ္ဓဟူးနေ့ညပိုင်း ထုတ်ပြန်ချက်အရ တရားစွဲဆိုခံရသူများတွင် အမျိုးသားစာစစ်အေဂျင်စီ (NTA) မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ၃ ဦး၊ မေးခွန်းလွှာများကို ရှာဖွေဖြန့်ဝေပေးခဲ့သော ပွဲစားများစွာနှင့် မေးခွန်းလွှာများကို ရယူခဲ့သည့် သင်တန်းကျောင်းများနှင့် ဆက်နွှယ်သူ ၂ ဦးတို့ ပါဝင်သည်။ ၎င်းတို့အားလုံးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

CBI က “ဖမ်းဆီးထားသော စွပ်စွဲခံရသူ ၁၃ ဦးအား ရာဇဝတ်မှုဆိုင်ရာ ပူးပေါင်းကြံစည်မှု၊ လိမ်လည်မှု၊ ရာဇဝတ်မှုဆိုင်ရာ ယုံကြည်ဖောက်ဖျက်မှု၊ သက်သေအထောက်အထား ဖျက်ဆီးမှုနှင့် အခြားပြစ်မှုများအတွက် တရားစွဲဆိုလွှာ တင်သွင်းခဲ့သည်” ဟု ပြောကြားခဲ့သည်။

ဖမ်းဆီးခံထားရသူများမှာ ထိန်းသိမ်းမှုအောက်တွင် ရှိနေသောကြောင့် ၎င်းတို့၏ တုံ့ပြန်ချက်ကို ရယူရန် မဖြစ်နိုင်သေးပေ။

အိန္ဒိယနိုင်ငံတွင် စာမေးပွဲမေးခွန်းပေါက်ကြားမှုများမှာ အတော်လေး အဖြစ်များပြီး ၂၀၂၄ ခုနှစ်အတွင်းကလည်း နိုင်ငံ၏ အချို့နေရာများတွင် NEET မေးခွန်းများ ပေါက်ကြားခဲ့ဖူးသော်လည်း ထိုအချိန်က စာမေးပွဲကို ပြန်လည်ဖြေဆိုရန် အမိန့်မထုတ်ခဲ့ပေ။

ပညာရေးဝန်ကြီး နုတ်ထွက်ပြီးနောက် ရက်သတ္တပတ်များစွာ ကြာမြင့်ခဲ့သည့် ဆန္ဒပြပွဲများကို ရပ်တန့်ခဲ့သည်။ ထောင်ပေါင်းများစွာသော လူများသည် မြို့တော်နယူးဒေလီတွင် စုဝေးခဲ့ကြပြီး၊ လွှတ်တော်သို့ ချီတက်စဉ် ရဲများက မျက်ရည်ယိုဗုံးများနှင့် တုတ်များသုံး၍ ဖြိုခွင်းခဲ့ပြီးနောက် ဆန္ဒပြပွဲများမှာ အခြားမြို့များသို့ပါ ကူးစက်ပျံ့နှံ့ခဲ့သည်။

ဆန္ဒပြသူများအပေါ် ရဲများက အကြမ်းဖက်ခဲ့သည်ဆိုသော တိုင်ကြားချက်များအပြီးတွင် အိန္ဒိယတရားရုံးချုပ်က ဗုဒ္ဓဟူးနေ့တွင် ဆန္ဒပြသူများအပေါ် ဖိအားပေးအရေးယူမှုများ မပြုလုပ်ရန်၊ ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံထားရသော အသက် ၁၈ နှစ်အောက် လူငယ်အားလုံးကို ပြန်လည်လွှတ်ပေးရန်နှင့် အာဏာပိုင်များအနေဖြင့် စောင့်ကြည့်ကင်မရာမှတ်တမ်းများကို ထိန်းသိမ်းထားရန် အမိန့်ပေးခဲ့သည်။

ဆန္ဒပြမှုများကြောင့် ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ၏ အစိုးရသည် ပြည်သူ့စာမေးပွဲများကို စီမံခန့်ခွဲသည့် ဥပဒေကို ပြင်ဆင်ရန် လွှတ်တော်သို့ ဥပဒေကြမ်းတစ်ခု တင်သွင်းခဲ့ပြီး၊ ပြစ်ကျူးလွန်သူများအတွက် ပိုမိုကြာရှည်သော ထောင်ဒဏ်များနှင့် ပိုမိုကြီးမားသော ငွေဒဏ်များကို အဆိုပြုထားသည်။

ပြင်ဆင်ထားသော ဥပဒေအရ ဖမ်းဆီးခံထားရသူ ၁၃ ဦးသည် ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိနှင့် ငွေဒဏ် ရူပီ သန်း ၅၀အထိ ချမှတ်ခံရနိုင်သည်။

ယခုဆန္ဒပြပွဲများသည် ၂၀၂၄ ခုနှစ်တွင် စတင်ခဲ့သော မိုဒီ၏ တတိယသက်တမ်းအတွင်း အကြီးမားဆုံး နိုင်ငံရေး စိန်ခေါ်မှုတစ်ခု ဖြစ်သည်။

ကိုးကား-Reuters

By Htet Ko