PSM(News) မတ် ၃၁ ၊ ၂၀၂၆ ထိုင်းနိုင်ငံအတွင်း သက်ငယ်မုဒိန်းမှု ကျူးလွန်ခဲ့ပြီး မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံတစ်ဦးကို တနင်္သာရီတိုင်းစစ်ဌာနက ဖမ်းဆီးရမိခဲ့ပြီး ထိုင်းအာဏာပိုင်များထံသို့ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇွန်လခန့်က ထိုင်းနိုင်ငံ၊ ဖက်ဘူရီခရိုင်တွင် နေထိုင်သည့် အသက် ၃၇ နှစ်အရွယ်ရှိ စောကဲလဲ သည် အသက်မပြည့်သေးသည့် ကလေးငယ်တစ်ဦးအား မုဒိန်းမှု ကျူးလွန်ခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ခြင်း ဖြစ်သည်။ ထိုင်းအာဏာပိုင်များ၏ သတင်းပေးပို့ အကူအညီတောင်းခံချက်အရ တရားခံအား စုံစမ်းရှာဖွေ လျက်ရှိရာ မတ်လ ၂၇ ရက်နေ့တွင် တနင်္သာရီတိုင်းစစ်ဌာန၏ ထောက်လှမ်းရေးအရာရှိများ၊ နည်းဗျူဟာ (၃၅) ထောက်လှမ်းရေးအဖွဲ့၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂)/(၃) ထောက်လှမ်းရေးတာဝန်ခံများ၊ KNLA တပ်ရင်း (၁၁) နှင့် မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့က တနင်္သာရီမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးရမိသည့် တရားခံအား မတ်လ ၂၈ ရက်နေ့တွင် လွှဲပြောင်း ပေးအပ်ရာ၌ တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်စတားက ဖမ်းဆီးရမိမှု ဖြစ်စဉ်များနှင့် တရားခံ၏ ထွက်ဆိုချက်များကို ထိုင်းအာဏာပိုင်များထံ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အမှတ် (၃၅) နည်းဗျူဟာမှူး ရဲဘော်ကျော်ထင်အောင်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) မြို့နယ်ရဲမှူးတို့က လိုအပ်သည့် စာရွက်စာတမ်းများ၊ သက်သေခံပစ္စည်းများနှင့်အတူ ထိုင်း-မြန်မာနယ်စပ် တစ်နေရာ တရားခံကို ထိုင်းအာဏာပိုင်များထံသို့ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တနင်္သာရီတိုင်းစစ်ဌာနက ထုတ်ပြန်ထားသည်။ ယခုကဲ့သို့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု ကျူးလွန်သူကို ဖမ်းဆီးလွှဲပြောင်းပေးနိုင်ခြင်းသည် တော်လှန် ရေးအင်အားစုများ၏ နယ်မြေစိုးမိုးမှုနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များအပေါ် အိမ်နီးချင်း နိုင်ငံများနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်မှုကို ပြသခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက ဆိုသည်။ ဓာတ်ပုံ-တနင်္သာရီတိုင်းစစ်ဌာန Post navigation 𝐏𝐒𝐌 𝐍𝐞𝐰𝐬 – နိုင်ငံတကာသတင်း (17.3.2026)