PSM (NEWS)

ဇွန် ၂၈၊ ၂၀၂၈

ဩစတြေးလျအစိုးရသည် အသက် ၁၆ နှစ်အောက် လူငယ်များ လူမှုကွန်ရက်အသုံးပြုမှုကို တားမြစ်ထားသည့် ဥပဒေအား လိုက်နာခြင်းမရှိဘဲ ရှောင်လွှဲနေသည့် ကုမ္ပဏီများအတွက် ဒဏ်ငွေကို နှစ်ဆတိုးမြှင့်လိုက်ကြောင်း စနေနေ့ (ဇွန် ၂၇ ရက်) က ကြေညာခဲ့သည်။

ယင်းဥပဒေသစ်အရ စနစ်တကျ ချိုးဖောက်သည့် ကုမ္ပဏီများအတွက် အမြင့်ဆုံးဒဏ်ငွေကို ဩစတြေးလျ ဒေါ်လာ ၉၉ သန်း (အမေရိကန် ဒေါ်လာ ၆၈ သန်း) အထိ တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်ပြီး၊ အွန်လိုင်းဘေးကင်းရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် eSafety အား ကုမ္ပဏီများအပေါ် ပိုမိုထိရောက်စွာ ကိုင်တွယ်နိုင်မည့် အခွင့်အာဏာများ ပေးအပ်ထားသည်။

လက်ရှိတွင် Facebook၊ Instagram၊ Snapchat၊ TikTok နှင့် YouTube တို့၏ လိုက်နာဆောင်ရွက်မှုအခြေအနေများကို လွတ်လပ်သော ကြီးကြပ်ရေးအဖွဲ့က တက်ကြွစွာ စုံစမ်းစစ်ဆေးလျက်ရှိသည်။

“နည်းပညာကုမ္ပဏီကြီးတွေဟာ ဥပဒေကို လိုက်နာဖို့ လုံလောက်တဲ့ ဆောင်ရွက်ချက်တွေ မလုပ်ဆောင်ဘူးဆိုတာ ရှင်းလင်းနေပါတယ်။ ကလေးငယ်တွေဟာ လူမှုကွန်ရက်တွေပေါ်မှာ အများအပြား ရှိနေဆဲပါပဲ” ဟု ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘာနီစီ က ပြောကြားခဲ့သည်။

အသက် ၁၆ နှစ်အောက် အသုံးပြုသူများသည် အခြားသူများ၏ အကောင့်များ၊ အတုပြုလုပ်ထားသော အကောင့်များ သို့မဟုတ် private browser များမှတစ်ဆင့် တားမြစ်ချက်များကို ရှောင်လွှဲနေကြသည်။

ဒီဇင်ဘာ ၁၀ ရက်တွင် အဆိုပါတားမြစ်ချက် စတင်အသက်ဝင်ချိန်မှစ၍ အသက် ၁၆ နှစ်အောက် အကောင့်ပေါင်း ၅ သန်းကျော်ကို ပိတ်ပင်ခဲ့သော်လည်း၊ အွန်လိုင်းစောင့်ကြည့်ရေးအဖွဲ့အနေဖြင့် ကုမ္ပဏီများ၏ လုပ်ဆောင်ချက်များကို ပိုမိုတင်းကျပ်စွာ စစ်ဆေးရန် လိုအပ်နေကြောင်း အစိုးရက ဆိုသည်။

ဆက်သွယ်ရေးဝန်ကြီး အန်နီကာ ဝဲလ်စ်က “လူမှုကွန်ရက် ပလက်ဖောင်းတွေဟာ ကမ္ဘာ့အချမ်းသာဆုံးနဲ့ အင်အားအကြီးဆုံး ကုမ္ပဏီတွေထဲမှာ ပါဝင်ပါတယ်။ သူတို့ကို တာဝန်ခံမှုရှိစေဖို့ ကျွန်မတို့ အလေးအနက်ထား ဆောင်ရွက်သွားမှာပါ” ဟု ပြောကြားခဲ့သည်။

ဩစတြေးလျ၏ ဤဆောင်ရွက်ချက်သည် ဗြိတိန်၊ အင်ဒိုနီးရှား၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် နယူးဇီလန်နိုင်ငံတို့ကဲ့သို့ အလားတူတားမြစ်ချက်မျိုး ချမှတ်ရန် စဉ်းစားနေသည့် နိုင်ငံများအတွက် စံနမူနာတစ်ခု ဖြစ်လာနေသည်။

သို့သော် British Medical Journal တွင် ဖော်ပြခဲ့သည့် လေ့လာချက်တစ်ခုအရ၊ တားမြစ်ချက်ကြောင့် လူငယ်များ၏ လူမှုကွန်ရက်သုံးစွဲမှုအပေါ် သက်ရောက်မှုမှာ အားနည်းနေဆဲဖြစ်ပြီး ဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် ရှောင်လွှဲနေကြကြောင်း တွေ့ရှိရသည်။

ကိုးကား-CNA

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed