PSM (News)

ဩဂုတ် ၂၇၊၂၀၂၆

နီပေါနိုင်ငံနှင့် တရုတ်နိုင်ငံ တိဘက်နယ်စပ်ရှိ ဟိမဝန္တာဒေသတွင် အပြင်းအထန် ရေကြီးမြေပြိုမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၉ ဦး သေဆုံးပြီး ခရီးသွား ရာနှင့်ချီ ပျောက်ဆုံးနေကြောင်း သိရသည်။

နီပေါဘက်ခြမ်းတွင် လူ ၉ ဦး သေဆုံးခဲ့ပြီး ခရီးသွား ၃၈၄ ဦး ပျောက်ဆုံးနေသည်။ ၎င်းတို့တွင် အိန္ဒိယနိုင်ငံသား ၁၀၅ ဦး၊ နီပေါနိုင်ငံသား ၉၃ ဦး၊ အမေရိကန် ၃ ဦး၊ ဗြိတိသျှ ၁၂ ဦးနှင့် တောင်ကိုရီးယားနိုင်ငံသား ၈ ဦး ခန့် ပါဝင်သည်။

ဒေသတွင်း လှုပ်ခတ်ခဲ့သော ငလျင်တစ်ခုကြောင့် ရေခဲတောင်ပြိုကျခြင်းနှင့် ရေကြီးမြေပြိုမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ယူဆထားသော်လည်း အတည်မပြုနိုင်သေးပေ။

တရုတ်နိုင်ငံဘက်ခြမ်း ကျိရုန်း (Gyirong) ဆိပ်ကမ်းဒေသတွင် ကယ်ဆယ်ရေးသမား ၅၇၄ ဦး ထက်မနည်း စေလွှတ်ထားပြီး နီပေါဝန်ကြီးချုပ် ဗလင်ဒရာရှား က အန္တရာယ်ရှိသော နေရာများမှ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန်ညွှန်ကြားထားသည်။

နီပေါနိုင်ငံ၏ ရေအားလျှပ်စစ် ထုတ်လုပ်မှုစွမ်းအား၏ ၁၂ ရာခိုင်နှုန်းကျော် (မဂ္ဂါဝပ် ၄၃၀) ထိခိုက်ခဲ့ပြီး အိန္ဒိယနိုင်ငံ ဥတ္တပရာဒက်ရှ နှင့် ဘီဟာ ပြည်နယ်များတွင်လည်း ရေကြီးမည့် အန္တရာယ် သတိပေးချက်များ ထုတ်ပြန်ထားသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *