PSM(News) ဇန်နဝါရီ ၃၁၊ ၂၀၂၆ မြန်မာစစ်တပ်၏ အာဏာသိမ်းကြိုးပမ်းမှု စတင်ခဲ့သည်မှာ ၅ နှစ် ပြည့်ပြီ ဖြစ်သော်လည်း မြန်မာပြည်သူ များ၏ ပြောင်မြောက်သော သတ္တိနှင့် စိတ်ပိုင်းဖြတ်မှုကို စစ်အုပ်စုက ရိုက်ချိုးနိုင်ခဲ့ခြင်း မရှိကြောင်း Justice For Myanmar (JFM) က ယနေ့ ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်သည်။ စစ်အုပ်စုသည် လက်ရဲဇတ်ရဲ အကြမ်းဖက်မှုများဖြင့် လူထုအပေါ် ထိတ်လန့်ကြောက်မက်ဖွယ်ရာများ ကျူးလွန်နေသော်လည်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် ပြည်သူ့တော်လှန်ရေးမှာ ဆက်လက်ကြံ့ကြံ့ခံ ရှင်သန်အားကောင်းနေဆဲ ဖြစ်ကြောင်း JFM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ခုခံတော်လှန်ရေးတပ်များ၏ အောင်ပွဲများကြောင့် စစ်အုပ်စုသည် နိုင်ငံတစ်ဝန်းရှိ နယ်မြေထိန်းချုပ် မှုများကို လက်လွှတ်ဆုံးရှုံးနေရပြီး ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲသည်လည်း ပြည်တွင်း ပြည်ပရှိ မြန်မာပြည်သူများ၏ ကျယ်ကျယ်ပြန့်ပြန့် သပိတ်မှောက်မှုများနှင့်သာ ရင်ဆိုင်ခဲ့ရသည်။ စစ်အုပ်စုသည် ၅ နှစ်တာလုံးလုံး တိုင်းပြည်ကိုအုပ်ချုပ်ရန် ကြိုးပမ်းခဲ့သော်လည်း ပြည်သူလူထု ထံမှဖြစ်စေ၊ နိုင်ငံတကာထံမှဖြစ်စေ မည်သည့်လုပ်ပိုင်ခွင့်အာဏာမှ ရရှိထားခဲ့ခြင်း မရှိကြောင်း JFM က ဆိုထားသည်။ “ခုခံတော်လှန်ရေးက ခြောက်နှစ်မြောက်ကာလကို ဝင်ရောက်လာချိန်မှာ ကမ္ဘာကြီးအနေနဲ့ စစ်ရာဇဝတ် ဂိုဏ်းကို အမြစ်ဖြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီအနာဂတ် တည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ပေးကြရမှာ ဖြစ်ပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။ အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏ မဟာမိတ် အာဏာရှင်အစိုးရများ၊ နိုင်ငံတကာကုမ္ပဏီကြီးများနှင့် ခရိုနီများ၏ ငွေကြေး၊ လက်နက်နှင့် လေယာဉ်ဆီ ပံ့ပိုးမှုများကြောင့်သာ ဆက်လက်သက်ဆိုးရှည်နေခြင်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာအစိုးရများအနေဖြင့် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ ရလဒ်များကို ငြင်းပယ်ရန်နှင့်၊ စစ်ရာဇဝတ်ဂိုဏ်းထံသို့ စီးဆင်းနေသည့် ဘဏ္ဍာငွေနှင့် လက်နက်လမ်းကြောင်းများကို ပစ်မှတ်ထား၍ ဟန်ချက်ညီညီ ပိတ်ဆို့ရန် JFM က တိုက်တွန်းထားသည်။ #PSM_News #JusticeForMyanmar #အာဏာသိမ်း၅နှစ်ပြည့် #စစ်ရာဇဝတ်ဂိုဏ်း #တော်လှန်ရေး၆နှစ်မြောက် Post navigation စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ ပြီးဆုံးသော်လည်း တရားဝင်မှုမရှိဟု SAC-M ဆို၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ရာဇဝတ်သားများကို အရေးယူရန် တိုက်တွန်း စစ်ကိုင်းတက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသည့် စစ်ကော်မရှင်ဂိတ် တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံး