PSM(News) ဇန်နဝါရီ ၃၁ ၊ ၂၀၂၆ စစ်အုပ်စုက ၎င်းတို့၏ အစီအစဉ်အတိုင်း အပိုင်းလိုက်ခွဲ၍ ကျင်းပခဲ့သော အတုအယောင်ရွေးကောက်ပွဲ ပြီးဆုံးသွားပြီဖြစ်သော်လည်း ၎င်းလုပ်ရပ်သည် အရှက်ရဖွယ် ကျရှုံးမှုသာဖြစ်ကြောင်းနှင့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ရာဇဝတ်သားများကို နိုင်ငံတကာက အမြန်ဆုံး အရေးယူရန် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က တိုက်တွန်း လိုက်သည်။ စစ်အုပ်စုသည် ၎င်းတို့၏ အုပ်ချုပ်မှုကို တရားဝင်ဖြစ်စေရန် ရွေးကောက်ပွဲကို အပိုင်း သုံးပိုင်းခွဲ၍ အဓမ္မ ပုံဖော်ကျင်းပခဲ့သည်။ သို့သော် မြေပြင်တွင် ပြည်သူ ၇.၅ သန်းကျော် မဲပေးခွင့်မရခဲ့ခြင်း၊ မဲရုံများ ပိတ်သိမ်းခဲ့ရခြင်းနှင့် လူထု၏ သပိတ်မှောက်မှုများကြောင့် ယင်းရွေးကောက်ပွဲမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရသည်ဟု SAC-M က ထောက်ပြသည်။ ထို့ကြောင့် ရွေးကောက်ပွဲ ပြီးဆုံးသွားခြင်းသည် စစ်အုပ်စုကို တရားဝင်မှု ပေးလိုက်ခြင်း မဟုတ်ဘဲ ၎င်းတို့ ကျူးလွန်ထားသည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် မင်းအောင်လှိုင်နှင့် အပေါင်းအပါများကို နိုင်ငံတကာက တာဝန်ခံခိုင်းရန် အချိန်တန်ပြီဖြစ်သည်ဟု SAC-M က တောင်းဆိုသည်။ ထို့ပြင် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) အနေဖြင့် စစ်ခေါင်းဆောင်များအပေါ် ဖမ်းဝရမ်းများ အမြန်ဆုံးထုတ်ပြန်ရန်နှင့် နိုင်ငံတကာတရားရုံး (ICJ) ရှိ အမှုများကိုလည်း ထိရောက်စွာ ဆက်လက် ဆောင်ရွက်ရန် လိုအပ်သည်။ စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံခြင်း သို့မဟုတ် ၎င်းတို့၏ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုခြင်းသည် စစ်ရာဇဝတ်မှုများတွင် ကြံရာပါ ပတ်သက်ခြင်းဖြစ်သည်ဟု SAC-M က ပြင်းပြင်းထန်ထန် သတိပေး ထားသည်။ “အဓိပ္ပာယ်မဲ့တဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ အားလုံးကြိုတွက်ထားတဲ့အတိုင်း နာမည်နဲ့ လိုက်အောင် အဓိပ္ပာယ်မဲ့တာတွေ အကုန်ဖြစ်ခဲ့တာပါပဲ” ဟု မြန်မာနိုင်ငံဆိုင်ရာအထူး အကြံပေးကောင်စီ (SAC-M) ၏ အမှုဆောင်ဒါရိုက်တာ Ben Lee ကပြောသည်။ နိုင်ငံတကာအစိုးရများအနေဖြင့် စစ်အုပ်စုအပေါ် ဘဏ္ဍာရေးနှင့် လက်နက်ပိတ်ဆို့မှုများ ပိုမိုတိုးမြှင့်ရန် လည်း ၎င်းက တောင်းဆိုခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) သည် မြန်မာ့အရေးနှင့် ပတ်သက်၍ ဆယ်စုနှစ်တစ်ခုနီးပါး အတွေ့အကြုံရှိသည့် ကုလသမဂ္ဂ ကျွမ်းကျင်သူဟောင်းများဖြစ်သည့် ယန်ဟီးလီ၊ မာဇူကီ ဒါရုစမန်နှင့် ခရစ် ဆီဒိုတီတို့ သုံးဦးဖြင့် ဖွဲ့စည်းထားသည့် လွတ်လပ်သော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ဓာတ်ပုံ-စစ်ကော်မရှင် #အတုအယောင်ရွေးကောက်ပွဲ #တရားဝင်မှုမရှိ #SAC_M #စစ်ခေါင်းဆောင်မင်းအောင်လှိုင် #စစ်ရာဇဝတ်သားများ #အရေးယူရန်တိုက်တွန်း #PSM_News Post navigation ဥရောပသမဂ္ဂက မြန်မာ့အရေးအတွက် ယူရို ၆၃ သန်း အရေးပေါ်အကူအညီ ထောက်ပံ့မည် ၅ နှစ်ကြာ စစ်အာဏာသိမ်းမှုက ပြည်သူ့စိတ်ဓာတ်ကို မချိုးနှိမ်နိုင်၊ နိုင်ငံတကာအစိုးရများ အနေဖြင့် စစ်ရာဇဝတ်ဂိုဏ်းကို အမြစ်ဖြတ်ရန် JFM တိုက်တွန်း