PSM (News)

ဇူလိုင် ၃၀ ၊ ၂၀၂၆

ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်တွင် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူများအား ဆေးကုသခွင့် ငြင်းပယ်ထားမှုကြောင့် မွေးကင်းစ ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသည့်အပြင် အနည်းဆုံး နိုင်ငံရေး အကျဉ်းသူ ၂၇ ဦးထက်မနည်း အစုလိုက်အပြုံလိုက် တိုက်ပိတ်ကာ စနစ်တကျ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခံနေရကြောင်း ယမန်နေ့ ဇူလိုင် ၂၉ ရက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များကွန်ရက် (PPNM) က ထုတ်ပြန်သည်။

ဒိုက်ဦးအကျဉ်းထောင် အာဏာပိုင်များသည် ကိုယ်ဝန်ဆောင်နှင့် အရေးပေါ် ခွဲစိတ်လူနာ အကျဉ်း သူများကို ပြင်ပဆေးရုံသို့ ဆေးကုသခွင့် မပေးဘဲ ထောင်အတွင်း၌သာ အတင်းအကျပ် မွေးဖွားစေ ခဲ့ကြောင်း PPNM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာဟာရ မရရှိခြင်းကြောင့် မိခင်တစ်ဦး ကလေးဆုံးရှုံးခဲ့ရသည့်အပြင် မွေးကင်းစ ကလေးငယ်တစ်ဦးမှာလည်း မွေးဖွားပြီး ၂၄ နာရီအတွင်း သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် အကျဉ်းထောင်အတွင်း ထောင်ဝင်စာနှင့် ဧည့်တွေ့ပိတ်မည်ဟု ခြိမ်းခြောက်ကာ အလုပ်ကြမ်းများ ခိုင်းစေနေပြီး ငြင်းဆန်သူများနှင့် အခွင့်အရေး တောင်းဆိုသူများကို သီးခြားပြစ်ဒဏ်တိုက်များသို့ ပို့ဆောင်ကာ နံပတ်တုတ်များဖြင့် အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်ခြင်း၊ အကန့်အသတ်မရှိ တိုက်ပိတ် ခြင်းများကို ကျူးလွန်လျက်ရှိသည်။

တိုက်ပိတ်ခံထားရသည့် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူများကို တစ်နေ့လျှင် ရေ ၁ လီတာဘူး တစ်ဘူးသာပေးခြင်း၊ ၁၄ ရက်ကြာ ရေမချိုးခိုင်းခြင်း၊ စောင်တစ်ထည်တည်းဖြင့် ဆန်ပြုတ်တစ်မျိုး တည်းသာ တိုက်ကျွေးခြင်းတို့ကြောင့် အဆုတ်အအေးပတ်ခြင်းနှင့် ကြွက်သားချိနဲ့ခြင်းတို့ ကြုံတွေ့ နေရပြီး ဆေးကုသခွင့်လည်း မရရှိကြောင်း PPNM က ဆိုထားသည်။

ထို့ပြင် လွတ်ရက်စေ့ခါနီးသူများကိုလည်း အမှုဆင်ကာ ထောင်ဒဏ်တိုးမြှင့်ခြင်းများ ပြုလုပ်ခံနေရသည်။

လက်ရှိတွင် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ ၂၇ ဦး တိုက်ပိတ်ခံထားရပြီး ငါး ဦးမှာ မတရား ထော င်ဒဏ်တိုးမြှင့်ခံထားရကာ အဆိုပါ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဦးစီးအရာရှိ ဒေါ်ဇင်မာ ကြည်အောင် ဦးဆောင်သည့် ထောင်ဝန်ထမ်း အရာရှိအချို့က ကျူးလွန်နေခြင်းဖြစ်ကြောင်း PPNM ထံမှ သိရသည်။

PPNM အနေဖြင့် အဆိုပါ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူများ၏ အသက်အန္တရာယ်၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးအတွက် ကျူးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရေးနှင့် အကျဉ်းသားရပိုင်ခွင့်များ ရရှိရေးအတွက် ဆက်လက် တောင်းဆို တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန် ထားသည်။

ဓာတ်ပုံ-PPNM

By Htet Ko