PSM (NEWS) ဇွန် ၃၀၊၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ထိပ်တန်းသံတမန်များဖြစ်ကြသော ဂျရက်ကူရှနာ နှင့် စတိဗ်ဝစ်ကော့ဖ်တို့သည် အီရန်နိုင်ငံနှင့် ဆွေးနွေးရန်အတွက် ကာတာနိုင်ငံ၊ ဒိုဟာမြို့သို့ သွားရောက်ကြမည်ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲကို အီရန်ဘက်မှ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သမ္မတထရမ့်က ပြောကြားခဲ့သည်။ ယနေ့ဇွန်လ ၃၀ ရက်နေ့တွင် ပြုလုပ်မည့် အဆိုပါဆွေးနွေးပွဲနှင့် ပတ်သက်၍ အမေရိကန်အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီဗစ်က “အထူးသံတမန် ဝစ်ကော့ဖ်နှင့် ဂျရက်ကူရှနာတို့သည် နားလည်မှုစာချွန်လွှာနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးရန် ဒိုဟာသို့ သွားရောက်မည်ဖြစ်ပြီး၊ အဆင့်မြင့်ဆွေးနွေးပွဲများ၏ Sidelines အစည်းအဝေးများအဖြစ် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲများကိုလည်း ဆက်လက်ပြုလုပ်သွားမည်” ဟု Fox News သို့ ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က နှစ်နိုင်ငံစလုံးသည် လေးလကြာ ဖြစ်ပွားနေသော ပဋိပက္ခများကို အဆုံးသတ်ရန် ၁၄ ချက်ပါ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းသဘောတူညီချက်အရ ရန်လိုမှုများကို ရပ်တန့်ရန်နှင့် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးအတွက် အရေးပါသည့် ဟော်မွတ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် သဘောတူညီခဲ့ကြသည်။ သို့သော်လည်း ကြာသပတေးနေ့က ဟော်မုတ်ရေလက်ကြားတွင် ကုန်တင်သင်္ဘောတစ်စင်းကို အီရန်၏ ဒုံးကျည်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံစလုံးက အပြန်အလှန် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည့်အတွက် အဆိုပါ အပစ်အခတ်ရပ်စဲရေးမှာ ပျက်ပြားလုနီးပါး ဖြစ်ခဲ့သည်။ အမေရိကန်ဘက်ကမူ ၎င်းတို့အနေဖြင့် အပစ်အခတ်ရပ်စဲရေးကို လိုက်နာဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်မှုများကို အကြမ်းဖက်မှုဖြင့်သာ တုံ့ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း သမ္မတထရမ့်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်စွာ ဖြစ်ထွန်းလာစေရန် မျှော်လင့်လျက်ရှိကြောင်း လီဗစ်က ဖြည့်စွက်ပြောကြားခဲ့သည်။ ကိုးကား-CNA Post navigation တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးများ AI ဝယ်လိုအား မြင့်တက်လာမှုအတွက် ဒေါ်လာ ၅၁၈ ဘီလီယံတန်ဖိုးရှိ ချစ်ပ်ထုတ်လုပ်ရေးဗဟိုဌာနတစ်ခု တည်ဆောက်မည် ဘရာဇီးလ်ကို ရှုံးနိမ့်ခဲ့သော်လည်း ဂျပန်အသင်းအနေဖြင့် ကမ္ဘာ့အဆင့်မီ အသင်းများနှင့် ကွာဟချက် ကျဉ်းမြောင်းလာပြီဟု နည်းပြ မိုရိယာဆူ ပြောကြား