PSM (NEWS)

ဇွန်၃၀ ၊၂၀၂၆

တောင်ကိုရီးယားနည်းပညာ ကုမ္ပဏီကြီးများဖြစ်ကြသည့် Samsung Electronics နှင့် SK Hynix တို့သည် ဉာဏ်ရည်တု (AI) နည်းပညာသုံး ဝယ်လိုအား မြင့်တက်လာမှုကို အသုံးချနိုင်ရန်အတွက် နိုင်ငံ၏ အနောက်တောင်ပိုင်းဒေသတွင် ချစ်ပ်ထုတ်လုပ်ရေးဗဟိုဌာနအသစ် တည်ဆောက်ရန် ဝမ်ငွေ ၈၀၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၁၈ ဘီလီယံ) ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ကြေညာခဲ့သည်။

တောင်ကိုရီးယားသမ္မတ လီဂျယ်မြောင် သည် Samsung Electronics ဥက္ကဋ္ဌ လီဂျယ်ယောင်းနှင့် SK Group ဥက္ကဋ္ဌ ချွဲတေးဝန် တို့နှင့်အတူ ဆိုးလ်မြို့ရှိ သမ္မတရုံးတွင် အဆိုပါစီမံကိန်းကို ကြေညာခဲ့ခြင်းဖြစ်သည်။ ယင်းစီမံကိန်းသည် နိုင်ငံ၏ စီးပွားရေးဗဟိုချက်ဖြစ်သော ဆိုးလ်မြို့တော်ပတ်ဝန်းကျင်မှ ကျော်လွန်၍ ရင်းနှီးမြှုပ်နှံမှုများကို တိုးချဲ့ရန် အစိုးရ၏ ကြိုးပမ်းချက်များနှင့် ကိုက်ညီလျက်ရှိသည်။

တောင်ကိုရီးယား၏ အနောက်တောင်ပိုင်းဒေသသည် စက်မှုလုပ်ငန်းဗဟိုဌာနများ နည်းပါးပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသည့်ဒေသဖြစ်သည်။ Samsung နှင့် SK Hynix တို့သည် ကမ္ဘာ့ memory chip ထုတ်လုပ်မှု၏ သုံးပုံနှစ်ပုံခန့်ကို ထုတ်လုပ်ပေးနေပြီး၊ ယခုစီမံကိန်းအရ ၎င်းတို့သည် ဂယောင်ဂီပြည်နယ်ရှိ လက်ရှိထုတ်လုပ်ရေးစခန်းများအပြင် အနောက်တောင်ပိုင်းတွင်လည်း စက်ရုံနှစ်ရုံစီ တိုးချဲ့တည်ဆောက်သွားမည်ဖြစ်သည်။

Samsung ဥက္ကဋ္ဌ လီဂျယ်ယောင်းက ကုမ္ပဏီ၏ ချစ်ပ်စက်ရုံသစ်များကို ကွမ်းဂျူး မြို့တွင် တည်ဆောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကုမ္ပဏီများက စက်ရုံများ ပြီးစီးမည့်အချိန်ကို တိတိကျကျ မပြောကြားခဲ့သော်လည်း၊ SK Group ဥက္ကဋ္ဌ ချွဲတေးဝန်က ဤစီမံကိန်းသည် ကြီးမားသည့်မြေနေရာ၊ လျှပ်စစ်မီး၊ ရေနှင့် ကျွမ်းကျင်လုပ်သားများ လိုအပ်မည့် အကြီးစားစီမံကိန်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစိုးရအရာရှိများက အဆိုပါဒေသတွင် လျှပ်စစ်မီးနှင့် ရေလုံလောက်မှု ရှိ/မရှိ မေးခွန်းထုတ်မှုများကို ပယ်ချခဲ့ပြီး၊ ဒေသ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ အားသာချက်များသည် သန့်ရှင်းသောစွမ်းအင်သုံးစွဲရန် ကမ္ဘာ့ဖိအားများနှင့် ရင်ဆိုင်နေရသော ချစ်ပ်ထုတ်လုပ်သူများအတွက် အားသာချက်တစ်ခု ဖြစ်လာလိမ့်မည်ဟု ဆိုသည်။

Samsung နှင့် SK Hynix တို့သည် မကြာသေးမီလများအတွင်း AI အခြေခံအဆောက်အအုံများတွင် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာခြင်းကြောင့် မှတ်တမ်းတင်နိုင်လောက်သည့် အမြတ်အစွန်းများ ရရှိထားသည်။

သမ္မတက “ကျွန်ုပ်တို့သည် အခြားမည်သည့်နိုင်ငံထက်မဆို ဉာဏ်ရည်တု၏ အဓိကအစိတ်အပိုင်းများကို ပိုမိုမြန်ဆန်စွာ တည်ဆောက်ရမည်ဖြစ်သည်။ ဆီမီးကွန်ဒတ်တာများ၊ Physical AI နှင့် AI ဒေတာစင်တာများသည် ကျွန်ုပ်တို့၏ နောက်တစ်ဆင့်တက်လှမ်းမှုအတွက် အဓိကတိုင်သုံးခု ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

ကိုးကား AP

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed