PSM (NEWS)

ဇွန်၃၀ ၊၂၀၂၆

အမေရိကန်နှင့် အီရန်အကြား ရေတိုငြိမ်းချမ်းရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ရန်အတွက် နည်းပညာပိုင်းဆိုင်ရာ အဖွဲ့များသည် လာမည့်ရက်ပိုင်းအတွင်း ဒိုဟာမြို့၌ တွေ့ဆုံဆွေးနွေးရန် ရှိနေကြောင်း သတင်းရင်းမြစ်တစ်ခုက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

ပြီးခဲ့သည့်ရက်သတ္တပတ်ကုန်ပိုင်းက အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အဆိုပါ သဘောတူညီချက်မှာ ပြိုလဲလုနီးပါး ဖြစ်ခဲ့ရသည်။တင်းမာမှုများ လျော့ပါးစေရန်နှင့် မလိုလားအပ်သော ဖြစ်စဉ်များအား ထိန်းချုပ်နိုင်ရန်အတွက် ကြားဝင်စေ့စပ်သူများက ဆက်သွယ်ရေးလမ်းကြောင်းများကို ဖန်တီးထားပြီးဖြစ်ကြောင်း၊ နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးမှုများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

အီရန်အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်အရ ဒိုဟာတွင် အင်္ဂါနေ့၌ အစည်းအဝေးပြုလုပ်မည်ဖြစ်သော်လည်း ယခင် ဆွစ်ဇာလန်တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများနှင့် မတူဘဲ ယခုတစ်ကြိမ်တွင် ဟော်မုဇ်ရေလက်ကြားအား စီမံခန့်ခွဲရေးနှင့် တင်းမာမှုများ လျော့ပါးစေရေးကိုသာ အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အင်္ဂါနေ့တွင် ဒိုဟာ၌ အစည်းအဝေးရှိကြောင်း ဆိုရှယ်မီဒီယာမှတစ်ဆင့် အတည်ပြုခဲ့သော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

အမေရိကန်နှင့် အီရန်တို့သည် ဇွန်လ ၁၇ ရက်နေ့တွင် ၄ လကြာ ပဋိပက္ခကို အဆုံးသတ်ရန် ရည်ရွယ်သည့် ၁၄ ချက်ပါ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါသဘောတူညီချက်အရ နှစ်ဖက်စလုံးသည် ရန်လိုမှုများကို ရပ်ဆိုင်းရန်နှင့် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် သဘောတူညီခဲ့ကြသည်။

ထိန်းချုပ်ထားသည့် ပိုင်ဆိုင်မှုများ ပြန်လည်ထုတ်ပေးခြင်း

အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ခီယန်က တနင်္လာနေ့တွင် ပြောကြားရာ၌ ကာတာနိုင်ငံတွင် ထိန်းချုပ်ထားသည့် ပိုင်ဆိုင်မှု ဒေါ်လာ ၁၂ ဘီလီယံအနက် ဒေါ်လာ ၆ ဘီလီယံကို ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်းနှင့် အီရန်သို့ ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။ ၎င်းက အဆိုပါ သဘောတူညီချက်ကို “အီရန်ပြည်သူများအတွက် ကြီးမားသည့် အောင်ပွဲ” ဟု ခေါ်ဆိုခဲ့သည်။

အီရန်အဆင့်မြင့် သတင်းရင်းမြစ်၏ အဆိုအရ ဒိုဟာနှင့် တာဟီရန်တို့သည် ပထမအသုတ်အဖြစ် ဒေါ်လာ ၆ ဘီလီယံကို ပြန်လည်ထုတ်ပေးရန်အတွက် နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို နောက်ဆုံးအဆင့် ညှိနှိုင်းနေကြပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က ဟော်မုဇ်ရေလက်ကြားတွင် အီရန်၏ ဒုံးကျည်တစ်စင်း ကုန်တင်သင်္ဘောအား ထိမှန်ခဲ့ပြီးနောက်ပိုင်း အမေရိကန်နှင့် အီရန်တို့သည် တစ်ဖက်နှင့်တစ်ဖက် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟု အပြန်အလှန် စွပ်စွဲခဲ့ကြသည်။ အီရန်သည် ဟော်မုဇ်ရေလက်ကြားအတွင်း ၎င်း၏ဩဇာကို ပြသရန် ကြိုးပမ်းခဲ့ပြီးနောက် တနင်္ဂနွေနေ့အစောပိုင်းတွင် ကူဝိတ်နှင့် ဘာရိန်းနိုင်ငံရှိ အမေရိကန်စစ်စခန်းများသို့ ဒုံးကျည်များနှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed