PSM(News)

ဧပြီ ၃၀၊ ၂၀၂၆

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း တိုက်ပွဲ သုံး ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာလုစစ်အုပ်စု၏ ဂိတ်စခန်း တစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အညာမြေတပ်ပေါင်းစုက ထုတ်ပြန်သည်။

မြိုင်မြို့နယ် အရှေ့မြောက်ဘက်ရှိ စစ်အုပ်စုဂိတ်စခန်းအား ယမန်နေ့ ဧပြီ ၂၉ ရက်တွင် တော်လှန်ရေး ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင်များ စခန်းစွန့်ခွာထွက်ပြေး သွားသဖြင့် ဂိတ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။

အဆိုပါစခန်းမှ လက်ပစ်ဗုံး နှစ် လုံး၊ G3 ကျည် ၁၁၅ တောင့်၊ G3 ကျည်ဘောက် တစ် ခု၊ MA-3 ကျည်ဘောက် တစ် ခုနှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် ဧပြီ ၂၆ ရက်ကလည်း မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာအနီးတွင် ကင်းလှည့်နေသော တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်အုပ်စုအကြား ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ပျူရွာအတွင်းမှ ကင်းထောက်ဒရုန်း တစ်စင်းကို သိမ်းဆည်းရမိခဲ့သည်။

ယင်းနောက် ဧပြီ ၂၈ ရက်တွင် အဆိုပါရွာအနီး၌ပင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှ ထိခိုက်မှုအခြေအနေကို ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

ကန်နီကျေးရွာသည် ဒေသတွင်း ပျူစောထီးအင်အား အကောင်းဆုံးရွာဖြစ်ပြီး စစ်အုပ်စုက လက်နက်နှင့် သင်တန်းများ ပံ့ပိုးထားသော ကျော်ဆန်းဝင်း ဦးဆောင်သည့် အင်အား ၇၀ ခန့် အမြဲတမ်း အထိုင်ချထားသည်။ အဆိုပါပျူရွာသည် အနီးနားရှိ အိုးဘိုရွာနှင့် ကန်နက်ရွာတို့ကို စီးနင်းမီးရှို့ခြင်း၊ လုယက်ခြင်းနှင့် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းများ ပြုလုပ်လေ့ရှိသည်။

ယခု ဧပြီလအတွင်း ပျူစောထီးများ ပျော်ပါးနေစဉ် တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းနှင့် လက်နက်ကြီး များဖြင့် တိုက်ခိုက်ခဲ့သဖြင့် ပျူခေါင်းဆောင်၏ ဆွေမျိုးဖြစ်သူ ဇော်ညွန့် အပါအဝင် အများအပြား သေဆုံးဒဏ်ရာရခဲ့သည်။ လက်ရှိတွင် ရိက္ခာလမ်းကြောင်းများ ပိတ်ဆို့ခံထားရသဖြင့် လေယာဉ်ဖြင့် ရိက္ခာလာရောက်ပို့ဆောင်ခြင်းမရှိပါက အနီးနားရွာများမှ ဆန်၊ ဆီနှင့် နွားများကို လုယက်နေရသည့် အခြေအနေဖြစ်ကြောင်း သိရသည်။

စစ်အုပ်စုအနေဖြင့် ဒေသတွင်း ရမ်းကားမှုများကို ချက်ချင်းရပ်တန့်ရန် ပြင်းထန်စွာ သတိပေးထားပြီး၊ ထိုးစစ်ဆင်တိုက်ခိုက်ခံရပါက မည်ကဲ့သို့ ပြင်းထန်သော အခြေအနေရှိသည်ကို ဂိတ်တာဝန်ကျများအား မေးမြန်း၍ သင်ခန်းစာယူထားရန် အညာမြေတပ်ပေါင်းစုက အသိပေးထားသည်။

ယခုတိုက်ခိုက်မှုကို အညာမြေတပ်ပေါင်းစု၊ ပခုက္ကူခရိုင်တပ်ရင်း ၂၊ ၆၊ ၇၊ မကွေးပြည်သူ့ကာကွယ်ရေး တပ်မတော် (MGY) နှင့် မြိုင် ပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ-အညာမြေတပ်ပေါင်းစု

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *