PSM(News)

ဧပြီ ၃၀၊ ၂၀၂၆

အာဏာလုစစ်အုပ်စုသည် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ဧပြီ ၃၀ ရက်တွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၁,၅၀၈ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။ ယခုလွတ်ငြိမ်းခွင့်တွင် ရန်ကုန်ရှိ အင်းစိန်အကျဉ်းထောင်မှ ၉၀၀ ကျော်နှင့် မန္တလေးတိုင်းအတွင်းမှ ၂၀၀ ကျော် ပါဝင်ကြောင်း သိရသည်။

အာဏာလုစစ်အုပ်စု၏ ရွေးကောက်ပွဲဝါဒဖြန့် ဇာတ်လမ်းတိုဖြစ်သည့် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” အပေါ် လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုများကို ထောက်ခံခြင်းကြောင့် ဖမ်းဆီးခံခဲ့ရသည့် ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင် နှင့် ဒါရိုက်တာ အောင်ချမ်းလူ တို့ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

အဆိုပါဒါရိုက်တာနှစ်ဦးကို အာဏာလုစစ်အုပ်စုက ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဖြင့် တရားစွဲဆို အရေးယူခဲ့ခြင်းဖြစ်ပြီး ထိုသို့အရေးယူခြင်း ခံရသူများတွင် ဒါရိုက်တာ မိုက်တီး၊ ဟာသသရုပ်ဆောင် အုန်းဒိုင်း နှင့် သရုပ်ဆောင် ကျော်ဝင်းထွဋ် စသည့် အနုပညာရှင်များလည်း ပါဝင်ခဲ့သည်။

စစ်အုပ်စုသည် အကျဉ်းသား ၁,၅၀၈ ဦးအပြင်၊ နိုင်ငံခြားသားအကျဉ်းသား ၁၁ ဦးကိုလည်း ပြည်နှင်ဒဏ်ပေးသည့် စနစ်ဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။ ထို့ပြင် လက်ရှိကျခံရန်ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လျှော့ပေါ့ပေးခဲ့သည့်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုက မတရားချမှတ်ထားသည့် ထောင်ဒဏ်မှာ ၁၈ နှစ်နှင့် ၉ လသာ ကျန်ရှိတော့ကြောင်း သိရသည်။

ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာအစိုးရများနှင့် ဘာသာရေးခေါင်းဆောင်များက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အကြိမ်ကြိမ်တောင်းဆိုလျက်ရှိသော်လည်း အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် ထွက်ပေါ်လာသည့် အာဏာလုအစိုးရက ပြန်လည်လွှတ်ပေးခြင်းမရှိပေ။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *