PSM(NEWS)

ဧပြီ ၃၀၊၂၀၂၆

အမေရိကန် ဘဏ္ဍာရေးဌာနသည် တရုတ်နိုင်ငံ၏ ဟန်လီ ရေနံဓာတု (ဒါလျန်) သန့်စင်စက်ရုံ (Hengli Petrochemical (Dalian) Refinery) အား အီရန်နိုင်ငံထံမှ ဒေါ်လာဘီလီယံနှင့်ချီသော ရေနံများ ဝယ်ယူနေသည်ဟု စွပ်စွဲကာ ပြီးခဲ့သည့် သောကြာနေ့က ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။

၎င်းသည် တီဟီရန်၏ ရေနံဝင်ငွေကို ဖြတ်တောက်ရန် ဝါရှင်တန်က ကြိုးပမ်းနေသည့် ကာလရှည် စီမံချက်အတွင်း သိသာထင်ရှားသော အရှိန်မြှင့်တင်မှုတစ်ခု ဖြစ်လာသည်။

ရှန်ဟိုင်းစတော့အိတ်ချိန်းစာရင်းဝင် မိခင်ကုမ္ပဏီ ဖြစ်သော ဟန်လီ ရေနံဓာတု (Hengli Petrochemical) ကမူ အီရန်နှင့် စီးပွားရေးလုပ်ဆောင်မှုကို ငြင်းဆိုထားပြီး ယခုပိတ်ဆို့မှုမှာ အချက်အလက်နှင့် ဥပဒေကြောင်းအရ အခြေအမြစ်မရှိကြောင်းနှင့် ပိတ်ဆို့မှု ပြန်လည်ရုပ်သိမ်းရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟန်လီသည် ဒါလျန်မြို့တွင် တစ်နေ့လျှင် ရေနံစိမ်းစည်ပေါင်း ၄၀၀,၀၀၀ ထုတ်လုပ်သည့် ရေနံသန့်စင်စက်ရုံကြီးကို လည်ပတ်နေခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် အမေရိကန်က အီရန်ရေနံအပေါ် ပိတ်ဆို့မှုများ ပြန်လည်စတင်ခဲ့ပြီးနောက်ပိုင်း ယခုကုမ္ပဏီမှာ ပစ်မှတ်ထားခံရသည့် တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံသန့်စင်ကုမ္ပဏီ ဖြစ်လာသည်။

ယခုအရေးယူမှုမှာ အီရန်ရေနံစိမ်း တင်သွင်းမှုအတွက် သတ်မှတ်ထားသော ရက် ၃၀ အထူးခွင့်ပြုချက် ကုန်ဆုံးပြီးနောက်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့ပြင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘဲဆင့်က အီရန်ရေနံဝယ်ယူသူများကို အရေးယူမည်ဟု ဧပြီ ၁၅ ရက်တွင် သတိပေးခဲ့ပြီး တရုတ်ဘဏ် နှစ်ခုထံသို့လည်း သတိပေးစာများ ပေးပို့ထားကြောင်း ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ မေလအတွင်း ပေကျင်းခရီးစဉ် မတိုင်မီ ယခုခြေလှမ်း ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ဟန်လီ ရေနံဓာတု၏ ရှယ်ယာဈေးနှုန်းများသည် တနင်္လာနေ့တွင် ၁၀ ရာခိုင်နှုန်းခန့် ထိုးဆင်းသွားခဲ့သည်။

ဟန်လီအုပ်စုသည် ၎င်းတို့၏ စင်ကာပူအခြေစိုက် ကုန်သွယ်ရေးဌာနခွဲရှိ ရှယ်ယာပိုင်ဆိုင်မှုကို ၁၀၀ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ လျှော့ချကာ တရုတ်ဒေသန္တရအစိုးရအဖွဲ့အစည်းတစ်ခုသို့ လွှဲပြောင်းပေးခြင်းဖြင့် ပိတ်ဆို့မှုဒဏ်မှ ကာကွယ်ရန် ကြိုးပမ်းခဲ့သည်။

ဟန်လီက ၎င်းတို့တွင် သုံးလစာအတွက် လုံလောက်သော ရေနံလက်ကျန်ရှိကြောင်းနှင့် ရေနံဝယ်ယူမှုများအတွက် တရုတ်ယွမ်ငွေဖြင့် ဆက်လက်ပေးချေသွားမည်ဟု ဆိုသည်။

အီရန်ရေနံအပေါ် အမေရိကန်ပိတ်ဆို့မှု၏ အခြေအနေ

ကမ္ဘာ့အကြီးဆုံး ရေနံတင်သွင်းသူဖြစ်သည့် တရုတ်နိုင်ငံသည် အီရန်ရေနံ၏ အဓိကဝယ်ယူသူဖြစ်ပြီး မတ်လအတွင်းက တစ်နေ့လျှင် စည်ပေါင်း ၁.၈ သန်းအထိ စံချိန်တင် တင်သွင်းခဲ့ကြောင်း Vortexa Analytics အရ သိရသည်။

အီရန်ရေနံများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရာတွင် ပင်လယ်ပြင်၌ သင်္ဘောချင်းပြောင်းရွှေ့တင်ဆောင်လေ့ရှိပြီး မလေးရှား သို့မဟုတ် အင်ဒိုနီးရှားမှ ထွက်ရှိသော ရေနံများအဖြစ် တံဆိပ်ကပ်လေ့ရှိကြောင်း သိရသည်။

ပေကျင်းအစိုးရကမူ အီရန်နှင့် ကုန်သွယ်မှုကို တရားဝင်ဖြစ်ကြောင်း ခုခံပြောဆိုထားပြီး အမေရိကန်၏ တစ်ဖက်သတ်ပိတ်ဆို့မှုများကို “တရားမဝင်” ဟုဆိုကာ အကြိမ်ကြိမ် ငြင်းပယ်ထားသည်။

ကိုးကား -Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *