PSM(NEWS) မတ် ၃၀၊၂၀၂၆ အာရှဒေသအတွင်း တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကိုတုံ့ပြန်ရန် အရေးပါသော အမေရိကန်၏ မဟာမိတ်ဆက်ဆံရေးများကို ခိုင်မာစေရန် ရည်ရွယ်၍ ပါတီစုံလွှတ်တော်အမတ် လေးဦးပါဝင်သော အဖွဲ့တစ်ဖွဲ့သည် လာမည့်ရက်ပိုင်းအတွင်း ထိုင်ဝမ်၊ ဂျပန်နှင့်တောင်ကိုရီးယားနိုင်ငံများသို့ သွားရောက်ရန် စီစဉ်နေကြောင်း သိရသည်။ အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီမှ ဒီမိုကရက်တစ်အမတ် ဂျင်းရှဟီးန်က အဆိုပါ ခရီးစဉ်ကို စနေနေ့တွင်ကြေညာခဲ့ခြင်းဖြစ်သည်။ သူမနှင့်အတူ ရစ်ပတ်ဘလီကန် အမတ်များဖြစ်ကြသော ဂျွန်ကာတစ်၊ သွန်မ်တစ်လစ်နှင့် ဒီမိုကရက်တစ်အမတ် ဂျက်ကီရိုဆင်တို့ လိုက်ပါကြမည်ဖြစ်သည်။ ၎င်းတို့၏ တိုင်ပေ၊ တိုကျိုနှင့် ဆိုးလ်မြို့များသို့ သွားရောက်မည့် ခရီးစဉ်သည် သမ္မတ ဒေါ်နယ်ထရန့် နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မေလအတွင်း ဘေဂျင်းတွင် ပြုလုပ်မည့်ထိပ်သီးအစည်းအဝေး မတိုင်မီ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အမေရိကန်လွှတ်တော်အမတ်များ၏ ထိုင်ဝမ်ခရီးစဉ်အပေါ် တရုတ်နိုင်ငံက အနီးကပ်စောင့်ကြည့်ဖွယ်ရှိပြီး၊ တရုတ်အစိုးရအနေဖြင့် ယင်းကဲ့သို့သော ဆက်ဆံရေးများကို ၎င်းတို့၏ အချုပ်အခြာအာဏာအပေါ် စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှုမြင်ကာ ကန့်ကွက်လေ့ရှိသည်။ ထိုင်ဝမ်သည် ၎င်း၏ ဒီမိုကရေစီအတွက် အမေရိကန်၏ ထောက်ခံမှုကို အားကိုးနေရသော်လည်း၊ မကြာသေးမီက ထိုင်ဝမ်သို့ လက်နက်ရောင်းချမည့် ကိစ္စအား ရှီကျင့်ဖျင်နှင့် ဆွေးနွေးမည်ဟူသော ဒေါ်နယ်ထရန့်၏ ပြောဆိုချက်များကြောင့် အမေရိကန်၏ မူဝါဒလမ်းကြောင်းအပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။ တရုတ်နှင့် အမေရိကန်မှ လေ့လာဆန်းစစ်သူများက ရှီကျင့်ဖျင်သည် ခေါင်းဆောင်အဆင့် ထိပ်သီးအစည်းအဝေးမှတစ်ဆင့် ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ အမေရိကန်၏ ရပ်တည်ချက်ကို လျော့ပါးသွားစေရန် ဒေါ်နယ်ထရန့်အပေါ် လွှမ်းမိုးနိုင်အောင် ကြိုးပမ်းလိမ့်မည်ဟု ယုံကြည်နေကြသည်။ “ဒီခရီးစဉ်ဟာ အမေရိကန်ရဲ့ မဟာမိတ်တွေနဲ့ မိတ်ဖက်ဆက်ဆံရေးအပေါ် လွှတ်တော်ရဲ့ ကတိကဝတ်ဟာ ခိုင်မာမြဲမြံနေပြီး ဘယ်အစိုးရ လက်ထက်မှာမဆို ဆက်လက်တည်ရှိနေမှာဖြစ်ကြောင်း ပြသလိုက်တာပါပဲ” ဟု ရှဟီးန် က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ အာရှမဟာမိတ်များကို အာမခံချက်ပေးသည့်အနေဖြင့် လွှတ်တော်အမတ်များသည် ခရီးစဉ်အတွင်း နိုင်ငံရေးခေါင်းဆောင်များ၊ ကာကွယ်ရေးတာဝန်ရှိသူများနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ “ထိုင်ဝမ်နဲ့ ကျွန်တော်တို့ရဲ့ မဟာမိတ်ဆက်ဆံရေးဟာ အင်ဒို-ပစိဖိတ်ဒေသအတွင်း အမေရိကန်အတွက် မဟာဗျူဟာအရရော ကျင့်ဝတ်ပိုင်းအရပါ အရေးအပါဆုံး မိတ်ဖက်ဖြစ်မှုတွေထဲက တစ်ခုပါ” ဟု ကာတစ် က ဆိုသည်။ ထို့အပြင် ထိုင်ဝမ်နှင့် စီးပွားရေး ဆက်ဆံရေးကိုလည်း ဒေါ်နယ်ထရန့်အစိုးရက အနီးကပ်စောင့်ကြည့်လျက်ရှိသည်။ အမေရိကန်သည် ကွန်ပျူတာချစ်ပ် ထုတ်လုပ်မှုအတွက် ထိုင်ဝမ်အပေါ် မှီခိုနေရပြီး၊ ၎င်းသည် ၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း အမေရိကန်ဒေါ်လာ ၁၂၇ ဘီလီယံခန့်အထိ ကုန်သွယ်မှုလိုငွေပြမှုကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော်လည်း ဒေါ်နယ်ထရန့်အစိုးရသည် ဖေဖော်ဝါရီလအတွင်းက ထိုင်ဝမ်နှင့် သဘောတူညီချက်တစ်ရပ် ရရှိခဲ့ပြီး ကုန်သွယ်မှုဆိုင်ရာ အဟန့်အတားများ၏ ၉၉ ရာခိုင်နှုန်းကို ဖယ်ရှားပေးခဲ့ကြောင်း သိရသည်။ ကိုးကား AP Post navigation အိန္ဒိယသို့ ဦးတည်လာသည့် LPGတင် သင်္ဘောနှစ်စင်း ဟော်မုဇ် ရေလက်ကြားကို ဘေးကင်းစွာဖြတ်သန်းနိုင်ခဲ့ကြောင်း အစိုးရထုတ်ပြန် အီရန်အတွက် ရုရှားထောက်လှမ်းရေး ဂြိုဟ်တုများအသုံးပြုကာ ချာဂိုစ် စစ်အခြေစိုက်စခန်းအား ဓာတ်ပုံရိုက်ယူခဲ့ကြောင်း ဗိုလိုဒီမာ ဇလန်းစကီး ပြောကြား