PSM(NEWS)

မတ် ၃၀၊ ၂၀၂၆

အီရန်က ဒီဂိုဂါစီယာ ရှိ ယူကေ-အမေရိကန်ပူးတွဲ စစ်အခြေစိုက်စခန်းသို့ ပဲ့ထိန်းဒုံးကျည်နှစ်စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ရုရှားထောက်လှမ်းရေးဂြိုဟ်တုများက အဆိုပါစခန်းအား ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး က ပြောကြားလိုက်သည်။

အဆိုပါ ဓာတ်ပုံများကို အီရန်၏ အကျိုးစီးပွားအတွက် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး အရှေ့အလယ်ပိုင်းရှိ အမေရိကန်နှင့် ဗြိတိန်တပ်ဖွဲ့များ တပ်စွဲထားသည့် အခြားအခြေစိုက်စခန်းများကိုလည်းစောင့်ကြည့်ထောက်လှမ်းခဲ့ကြောင်း ၎င်းက ဆိုသည်။

ဤအခိုင်အမာ ပြောဆိုချက်သည် တီဟီရန်နှင့် မော်စကိုတို့အကြား ပူးပေါင်းဆောင်ရွက်မှုအပေါ် စိုးရိမ်မှုများကို ပိုမိုမြင့်တက်စေခဲ့သည်။

ပြီးခဲ့သည့်လက စစ်ပွဲမစတင်မီကပင် ရုရှားသည် အီရန်နှင့် ထောက်လှမ်းရေးသတင်းများ မျှဝေနေခြင်းမှာ “ဖြစ်နိုင်ခြေအလွန်များကြောင်း” ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက အစောပိုင်းတွင်အရိပ်အမြွက် ပြောကြားခဲ့ဖူးပြီး ယခု ဗိုလိုဒီမာ ဇလန်းစကီး၏ ထုတ်ဖော်ချက်ကြောင့် ထိုအချက်မှာ ပိုမိုထင်ရှားလာခဲ့သည်။

သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး က X လူမှုကွန်ရက်ပေါ်တွင် ရေးသားရာ၌ ရုရှားဂြိုဟ်တုများ၏ လှုပ်ရှားမှုနှင့်ပတ်သက်သော ထောက်လှမ်းရေး အစီရင်ခံစာကို စနေနေ့တွင် လက်ခံရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက “မတ်လ ၂၄ ရက်နေ့မှာ အိန္ဒိယသမုဒ္ဒရာထဲက ချာဂိုစ်ကျွန်းစုမှာရှိတဲ့ ဒီဂိုဂါစီယာ အမေရိကန်-ယူကေ ပူးတွဲစစ်အခြေစိုက်စခန်းကို သူတို့ ဓာတ်ပုံရိုက်ခဲ့ကြတယ်။ ဒါ့အပြင် ကူဝိတ်နိုင်ငံတကာလေဆိပ်နဲ့ ဂရိတ်တာ ဘာဂန် ရေနံမြေရဲ့ အခြေခံအဆောက်အအုံ တချို့ကိုလည်း ရိုက်ကူးခဲ့တယ်” ဟု ဆိုသည်။

ဆက်လက်၍ “မတ်လ ၂၅ ရက်မှာ ဆော်ဒီအာရေဗျက ပရင့်စ် ဆူလ်တန်လေတပ်အခြေစိုက်စခန်းကို ရိုက်ကူးတယ်။ မတ်လ ၂၆ ရက်မှာတော့ ဆော်ဒီက ရှာဘာ ရေနံနဲ့ သဘာဝဓာတ်ငွေ့မြေ၊ တူရကီက အင်ဆာလစ် လေတပ်စခန်းနဲ့ ကာတာက အယ်လ် အူဒိ လေတပ်စခန်းတွေကို အကုန်ဓာတ်ပုံရိုက်ခဲ့တယ်” ဟု ဖြည့်စွက်ပြောကြားသည်။

“ဒီစာရင်းထဲမှာ ယူကရိန်းရဲ့ အဆောက်အအုံ တစ်ခုမှမပါဘူး။ ဒါပေမဲ့ နေ့စဉ်ဝင်ငွေတွေရနေပြီး အမေရိကန်၊ ယူကေနဲ့ အရှေ့အလယ်ပိုင်း အခြေစိုက်စခန်းတွေကို တိုက်ခိုက်ဖို့ ထောက်လှမ်းရေးသတင်းတွေ ပေးနေတဲ့ ကျူးကျော်သူအပေါ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးလိုက်တဲ့အခါ ဘယ်သူက ဘယ်သူ့ကို ကူညီနေတာလဲဆိုတာ စဉ်းစားစရာပဲ” ဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။

ဒီဂိုဂါစီယာ ကို အီရန်က တိုက်ခိုက်မှုတွင် ပဲ့ထိန်းဒုံးကျည် တစ်စင်းမှာ ပျံသန်းနေစဉ် ပျက်ကျသွားခဲ့ပြီး အခြားတစ်စင်းကိုမူ အမေရိကန်ရေတပ်က ပစ်ချနိုင်ခဲ့ကြောင်း သတင်းများအရ သိရသည်။

ဒီဂိုဂါစီယာ ကျွန်းသည် အတ္တလန်တိတ် သမုဒ္ဒရာဖြတ်ကျော် ဆက်ဆံရေးတွင် အရေးပါသည့် နေရာ ဖြစ်လာခဲ့သည်။

ကနဦးတွင် ဝန်ကြီးချုပ် ကီး စတာမာ က အဆိုပါစခန်းမှတစ်ဆင့် အီရန်ကို ဗုံးကြဲတိုက်ခိုက်ရန် အမေရိကန်ကို ခွင့်မပြုခဲ့ပေ။ သို့သော် နောက်ပိုင်းတွင် ဗြိတိန်၏ အကျိုးစီးပွားကို ခြိမ်းခြောက်နေသည့် အီရန်၏ ဒရုန်းနှင့် ဒုံးကျည်စခန်းများကို တိုက်ခိုက်ရန်အတွက် အကန့်အသတ်ဖြင့် ခွင့်ပြုပေးခဲ့သည်။

အခြားတစ်ဖက်တွင် အီရန်က ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့ထားမှုကြောင့် လောင်စာဆီပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုများ ကြုံတွေ့နေရသဖြင့် ဗြိတိန်အစိုးရအနေဖြင့် လာမည့် စက်တင်ဘာလတွင် ပြုလုပ်မည့် လောင်စာဆီအခွန် တိုးမြှင့်မည့်အစီအစဉ်ကို ဖျက်သိမ်းရန် ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရသည်။

ပညာရေးဝန်ကြီး ဘရစ်ဂျက် ဖိလစ်ဆန် ကမူ လက်ရှိတွင် လောင်စာဆီခွန်ကို ဆိုင်းငံ့ထားဆဲဖြစ်သဖြင့် စိုးရိမ်စရာမရှိသေးကြောင်းနှင့် အခြေအနေကို အနီးကပ် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား The Independent

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *