PSM(NEWS)

မတ် ၃၀၊၂၀၂၆

မီးဖိုချောင်သုံးဂတ်စ် (LPG) မက်ထရစ်တန်ချိန် ၉၄,၀၀၀ ခန့် တင်ဆောင်လာပြီး အိန္ဒိယနိုင်ငံသို့ ဦးတည်မောင်းနှင်နေသည့် ဓာတ်ငွေ့တင် သင်္ဘောနှစ်စင်းသည် ဟော်မုဇ် ရေလက်ကြားကို ဘေးကင်းစွာ ဖြတ်သန်းနိုင်ခဲ့ပြီဖြစ်ကြောင်း အိန္ဒိယအစိုးရက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

BW Tyrနှင့် BW Elm အမည်ရှိ အဆိုပါ ကုန်တင်သင်္ဘောများသည် မတ်လ ၃၁ ရက်နေ့တွင် မွန်ဘိုင်း သို့လည်းကောင်း၊ ဧပြီလ ၁ ရက်နေ့တွင် နယူးမန်ဂလိုသို့လည်းကောင်း အသီးသီး ဆိုက်ကပ်မည်ဟုမျှော်လင့်ရကြောင်း ရေနံဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် အဆိုပါရေလက်ကြားမှတစ်ဆင့် ကုန်စည်ပို့ဆောင်မှုများ ရပ်တန့်လုနီးပါး ဖြစ်နေသော်လည်း “ရန်လိုမှုမရှိသော သင်္ဘောများ” အနေဖြင့် အီရန်အာဏာပိုင်များနှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ပါက ဖြတ်သန်းခွင့်ပြုမည်ဟု အီရန်ဘက်က ပြောကြားထားသည်။

ယခုသင်္ဘောများသည် အဆိုပါ အချက်အချာကျသော ရေလမ်းကြောင်းကို အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့သည့် နောက်ဆုံးထွက် အိန္ဒိယအလံတင် သင်္ဘောများဖြစ်သည်။

သောကြာနေ့က ရရှိသော LSEGသင်္ဘောသွားလာမှု စောင့်ကြည့်ရေး အချက်အလက်များအရ LPG တင် သင်္ဘော ၄ စင်းမှာ ဖြတ်သန်းမှု ပြီးမြောက်ခဲ့ပြီဖြစ်ပြီး အခြား ၃ စင်းမှာ ရေလက်ကြား၏ အနောက်ဘက်ခြမ်းတွင် ရှိနေဆဲဖြစ်သည်။

ပင်လယ်ကွေ့ဒေသ အနောက်ဘက်ပိုင်းတွင် အိန္ဒိယသင်္ဘောသား ၄၈၅ ဦးလိုက်ပါလာသည့် အိန္ဒိယအလံတင် သင်္ဘောစုစုပေါင်း ၁၈ စင်း ကျန်ရှိနေသေးကြောင်း အစိုးရက ဆိုသည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး LPG တင်သွင်းသည့် အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့်နှစ်က ဓာတ်ငွေ့တန်ချိန် ၃၃.၁၅သန်း သုံးစွဲခဲ့ပြီး ၎င်းပမာဏ၏ ၆၀ ရာခိုင်နှုန်းခန့်ကို ပြည်ပမှ တင်သွင်းခဲ့ရခြင်းဖြစ်သည်။ ထိုသို့ တင်သွင်းမှု၏ ၉၀ ရာခိုင်နှုန်းခန့်မှာ အရှေ့အလယ်ပိုင်းဒေသမှ လာခြင်းဖြစ်သည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံတစ်ဝန်းရှိ ဆိပ်ကမ်းလုပ်ငန်း လည်ပတ်မှုများမှာ ပုံမှန်အတိုင်း ရှိနေပြီးကုန်စည်ကြန့်ကြာမှုများ မရှိသေးကြောင်း အစိုးရက အတည်ပြု ပြောကြားခဲ့သည်။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *