PSM(NEWS) မတ် ၃၀၊ ၂၀၂၆ တရုတ်နိုင်ငံသည် အငြင်းပွားဖွယ်ရာ စကာဘရော့ သန္တာကျောက်တန်းဝန်းကျင်တွင် ၎င်းတို့၏ ရေတပ်၊ လေတပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့များဖြင့် တနင်္ဂနွေနေ့က ကင်းလှည့်မှုများ ပြုလုပ်ခဲ့ကြောင်း တရုတ်စစ်တပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါ သန္တာကျောက်တန်းသည် ဖိလစ်ပိုင်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်အတွင်း တည်ရှိသော်လည်း တရုတ်နိုင်ငံကလည်း ၎င်းတို့၏ ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာ တောင်းဆိုထားသည့်နေရာဖြစ်သည်။ တရုတ်နှင့် ဖိလစ်ပိုင်တို့သည် ပြီးခဲ့သည့်အပတ်က အငြင်းပွားဖွယ် ရေပိုင်နက်ကိစ္စများနှင့်ပတ်သက်၍ အဆင့်မြင့်ဆွေးနွေးပွဲများ ပြန်လည်စတင်ခဲ့ပြီးနောက် ယခုကဲ့သို့ ကင်းလှည့်မှုများပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုဆွေးနွေးပွဲတွင် အဆိုပါဒေသရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ စနေနေ့က ထုတ်ပြန်ချက်အရ ယင်းဆွေးနွေးပွဲသည် ၂၀၂၃ ခုနှစ် မတ်လနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးအတွက် ပထမဆုံးအကြိမ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုဖြစ်ပြီး နှစ်ဦးနှစ်ဖက် ယုံကြည်မှုတည်ဆောက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ လတ်တလောတွင် အဆိုပါပင်လယ်ပြင်၌ ထိပ်တိုက် ရင်ဆိုင်မှုများကြောင့် တင်းမာမှုများ မြင့်တက်လျက်ရှိသည်။ မနီလာဘက်က ဘေဂျင်းအား “အန္တရာယ်ရှိသောလှုပ်ရှားမှုများ” ပြုလုပ်သည်ဟု စွပ်စွဲထားပြီး၊ အငြင်းပွားဒေသရှိ ရိက္ခာပို့ဆောင်ရေး လုပ်ငန်းစဉ်များကို တရုတ်က မီးသတ်ပိုက်များဖြင့် ဖြန်းကာအဟန့်အတား ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ “ဒီလို ကင်းလှည့်မှုတွေဟာ အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရန်စတဲ့ လုပ်ရပ်မှန်သမျှကို တုံ့ပြန်ဖို့အတွက် ထိရောက်တဲ့ တန်ပြန်အရေးယူမှု တစ်ခုဖြစ်ပါတယ်”ဟု တရုတ်စစ်တပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က တနင်္ဂနွေနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဘေဂျင်းရှိ ဖိလစ်ပိုင်သံရုံးကမူ ယင်းကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပေ။ ကိုးကား Reuters Post navigation ဟော်မုဇ် ရေလက်ကြားသို့ စေလွှတ်ရန် ရေတပ်၏ အဆင့်မြင့် မိုင်းရှင်းလင်းရေး ဒရုန်းများ တပ်ဆင်ထားသည့် သင်္ဘော အဆင်သင့်ဖြစ်နေ အိန္ဒိယသို့ ဦးတည်လာသည့် LPGတင် သင်္ဘောနှစ်စင်း ဟော်မုဇ် ရေလက်ကြားကို ဘေးကင်းစွာဖြတ်သန်းနိုင်ခဲ့ကြောင်း အစိုးရထုတ်ပြန်