PSM(News)

ဇန်နဝါရီ ၃၀၊ ၂၀၂၆

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မုန်တောင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကော်မရှင် လက်အောက်ခံ ရဲများထွက်ပြေးသွား၍ စခန်းသိမ်းပြီး မီးရှို့ရှင်းလင်းခဲ့ကြောင်း မင်းဘူးခရိုင်၊ အမှတ် (၆) တပ်ရင်းက ထုတ်ပြန် သည်။

မင်းဘူးခရိုင်၊ အမှတ် (၆) တပ်ရင်းသည် ပြီးခဲ့သည် ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက မင်းဘူး(စကု)မြို့နယ်၊ အနောက်ပိုင်းရှိ မုန်တောင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စတင်တိုက်ခိုက်ချိန်ကပင် ရဲများ ထွက်ပြေးသွား၍ ရဲစခန်းကို ၁၅ မိနစ်အတွင်း သိမ်းယူနိုင်ခဲ့ပြီး စခန်း အတွင်းရှိ ရဲအသုံးအဆောင်ပစ္စည်းများ၊ ပြည်သူများထံမှ ယူဆောင်ထားသည့် ပစ္စည်းအချို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အဆိုပါရဲစခန်းမှ ရဲများသည် ပြည်သူများကို နည်းလမ်းမျိုးစုံသုံးကာ ငွေညှစ်ခြင်း၊ ဖမ်းဆီးခြင်း၊ လူငယ်များကို ပေါ်တာဆွဲခြင်း စသည်တို့ ပြုလုပ်နေခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် အဆိုပါရဲစခန်း တိုက်ခိုက်ရာတွင် လုပ်ငန်းရှင်များအပါအဝင် မည်သူတစ်ဦးတစ်ယောက်ထံမှ အလှူခံခြင်း၊ ခြိမ်းခြောက်ငွေတောင်းခံခြင်း မရှိကြောင်း မင်းဘူးခရိုင်၊အမှတ် (၆) တပ်ရင်းက အသိပေး ထားသည်။

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ကော်မရှင်တပ်ဖွဲ့များ၊ ရဲများနှင့် ၎င်းတို့စခန်းများအနီးတွင် မနေကြရန်လည်း တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းထားသည်။

ဓာတ်ပုံ – မင်းဘူးခရိုင်၊အမှတ် (၆) တပ်ရင်း

#PSM_News

#မင်းဘူး

#မုန်တောင်ရဲစခန်း

#အမှတ်၆တပ်ရင်း

By Htet Ko