PSM (NEWS)

ဇန်နာဝါရီ ၃၀၊ ၂၀၂၆

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများကို အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) က အသိအမှတ်မပြုကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ကြာသပတေးနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

စစ်ကော်မရှင်၏ ကျောထောက်နောက်ခံဖြင့် ပါတီတစ်ခုက အနိုင်ရရှိခဲ့သည်ဟု ကြေညာထားသည့် ယင်းရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်မပြုကြောင်း ထုတ်ပြန်ခြင်းသည် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ တရားဝင်အသိအမှတ်ပြုမှု ရရှိရန် ကြိုးပမ်းနေသည့် မြန်မာစစ်တပ်အတွက် အရေးပါသော ထိုးနှက်ချက်တစ်ရပ်ဖြစ်လာခဲ့သည်။

အဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံပါဝင်သည့် အာဆီယံအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံအစိုးရထံမှ စစ်တပ်က အာဏာသိမ်းယူခဲ့ချိန်မှစ၍ စစ်အစိုးရကို တရားဝင်အသိအမှတ်ပြုရန် ဆက်လက်ငြင်းဆန်ထားခဲ့ခြင်းဖြစ်သည်။ အဆိုပါ အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ တိုးမြင့်လာပြီး လူသေဆုံးမှုများစွာနှင့် ပြည်တွင်းစစ်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း မြန်မာ့ရွေးကောက်ပွဲကို အာဆီယံအနေဖြင့် အသိအမှတ်ပြုမည်မဟုတ်ကြောင်း အတည်ပြုနိုင်ခြင်းရှိ၊ မရှိ မေးမြန်းရာတွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရို က

“ဟုတ်ပါတယ်၊ အခုအချိန်အထိတော့ အသိအမှတ်မပြုပါဘူး”

ဟု ဖြေကြားခဲ့သည်။

ထို့အပြင် အာဆီယံအနေဖြင့် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၏ အဆင့်သုံးဆင့်လုံးကို ထောက်ခံအတည်ပြုထားခြင်း မရှိကြောင်းကိုလည်း ထပ်မံရှင်းလင်းပြောကြားခဲ့သည်။

ကိုးကား – CNA

#အာဆီယံ

#မြန်မာ့ရွေးကောက်ပွဲ

#အသိအမှတ်မပြု

#ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး

#ထုတ်ဖော်ပြောကြား

#PSM_News

By Htet Ko