PSM(News) ဇန်နဝါရီ ၃၀၊ ၂၀၂၆ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သည့် ဂီတပညာရှင် တယောဖိုးစံ၏ ၃၆ နှစ်ပြည့် မွေးနေ့အထိမ်း အမှတ်အဖြစ် “The Sound Of 36” တေးအယ်လ်ဘမ်ကို ဖြန့်ချိနေကြောင်းသိရသည်။ အဆိုပါအယ်လ်ဘမ်ကို တယောဖိုးစံ၏မွေးနေ့ ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ရက်နေ့က စတင်ဖြန့်ချိခဲ့ ခြင်းဖြစ်ပြီး တယောသီးသန့်တီးခတ်ထားခြင်းမဟုတ်ဘဲ ကိုယ်တိုင် သီချင်းသီဆိုဖျော်ဖြေထားကြောင်း တယောဖိုးစံ က အသိ ပေးထားသည်။ “တယောသမားတစ်ယောက်က အခွေထုတ်တာဆိုတော့ Instrumental ပဲထင်ကြတာပေါ့။ တကယ် တော့ ကျွန်တော်က တေးမြုံငှက်ကလေးတစ်ကောင်ပါပဲ။ မဆိုရဲလို့ သီချင်းတွေငုံထားတာ။ ခုတော့ ကျွန်တော့်သီချင်းတွေကို ရဲရဲဝံ့ဝံ့ဆိုချလိုက်ပြီ။ အများကြီးလည်း မထုတ်ထားဖူး။ တေးမြုံငှက် တစ်ကောင်ရဲ့သီချင်းတွေကို နားထောင်မှာယူပေးတာလဲ ကြည်နူးရပါတယ်ဗျာ” ဟု တယောဖိုးစံက ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။ “The Sound Of 36” တွင် တော်လှန်ရေးသီချင်း နှစ်ပုဒ်နှင့် အချစ် သီချင်းများအပါအဝင် တေးသီချင်း ၁၀ပုဒ်ပါဝင်မည်ဖြစ်ပြီး ထိုင်း ၊ စင်ကာပူ ၊ ဂျပန် ၊ အမေရိကန်၊ ဩစတေးလျ နှင့် ယူကေနိုင်ငံများမှ မှာယူနိုင်ကြောင်း သိရသည်။ ဘူးတိုင်းတွင် တယောဖိုးစံကိုယ်တိုင် အမှတ်တရလက်မှတ်ရေးထိုးထားပြီး အရေအတွက် ၄၀၀ခန့် ထုတ်လုပ်ထားကြောင်း သိရသည်။ တယောပညာရှင် ဖိုးစံသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သည့် အနုပညာရှင်များထဲမှ တစ်ဦးဖြစ်ပြီး ၎င်းတတ်ကျွမ်းသည့်ပညာဖြင့် တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့များအား ကူညီထောက်ပံ့လျက်ရှိသည်။ ဓာတ်ပုံ-တယောဖိုးစံ(လူမှုကွန်ရက်) #PSM_News #တယောဖိုးစံ #မွေးနေ့အထိမ်းအမှတ် #TheSoundOf36 Post navigation မင်းဘူးရှိ မုန်တောင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် ရဲများထွက်ပြေးသွား၍ စခန်းသိမ်းပြီး မီးရှို့ ဥရောပသမဂ္ဂက မြန်မာ့အရေးအတွက် ယူရို ၆၃ သန်း အရေးပေါ်အကူအညီ ထောက်ပံ့မည်