PSM(News) ဇန်နဝါရီ ၃၀၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စိုးမိုးနယ်မြေအတွင်း ဖမ်းဆီးရမိသည့် ကာလတန်ဖိုး ကျပ်သိန်းပေါင်း တစ်သိန်းခန့်ရှိသော မူးယစ်ဆေးဝါးများကို အများပြည်သူများနှင့်တော်လှန်ရေး အဖွဲ့အစည်းများရှေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၂၅ ရက်က ပြုလုပ်သည့် အဆိုပါ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲသို့ ပြည်ထောင်စုဝန်ကြီး ချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ တက်ရောက်ခဲ့ကြသည်။ တော်လှန်ရေးအင်အားစုများ၏ မူးယစ်ဆေးဝါးအပေါ် ရပ်တည်ချက်နှင့် ပတ်သက်၍ ဒေါက်တာ ဇော်ဝေစိုးက “ကျွန်တော်တို့ တော်လှန်ရေးရဲ့ ရန်ပုံငွေရှာဖွေရေး ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ ကျွန်တော်တို့ အလုပ်လုပ်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ဟာ ဖြူစင်တဲ့ တော်လှန်ရေး ဖြစ်တယ်။ ပြည်သူလူထုနဲ့ လူငယ်တွေကို လမ်းမှားကို ဘယ်တော့မှ ပို့မှာမဟုတ်ဘူး” ဟု ပြောသည်။ ABSDF နှင့် PDF တပ်ရင်းများက ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ပြီး ထိုသို့ မီးရှို့ဖျက်ဆီးရာတွင် ဘိန်းဖြူ ၆၅၄၅ ခွက်၊ WY စိတ်ကြွဆေးပြား ၄,၆၇၂,၀၀၀ ပြားဖြစ်ပြီး ကာလတန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း တစ်သိန်းခန့်ရှိကြောင်း သိရသည်။ ထို့ပြင် ဖမ်းဆီးရမိထားသော တရားခံများကိုလည်း တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုဆိုင်ရာ စစ်တမ်းအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံအဖြစ် ဖော်ပြခြင်း ခံထားရပြီး စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းတွင် မူးယစ်ဆေးဝါးပြဿနာမှာ စံချိန်တင်မြင့်တက်လာခဲ့သည်။ ဓာတ်ပုံ-NUG #PSM_News #NUG #မူးယစ်ဆေးဝါးတိုက်ဖျက်ရေး #ဒေါက်တာဇော်ဝေစိုး #ABSDF #PDF Post navigation အုတ်တွင်း-ပေါက်ခေါင်း လမ်းပိုင်းတွင် စစ်ကော်မရှင်စစ်ကြောင်းကို PDF ပူးပေါင်းတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၅၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ အာဆီယံက မြန်မာ့ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ထုတ်ဖော်ပြောကြား