PSM(News) ဇန်နဝါရီ ၃၀၊ ၂၀၂၆ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်အကြားရှိ လမ်းပိုင်းတွင် နယ်မြေရှင်းလင်းရန် စစ် ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်း များစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အုတ်တွင်း-ပေါက်ခေါင်းလမ်းပိုင်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့မှစတင်ကာ စစ်ကြောင်းထိုး လာသည့် စစ်ကော်မရှင်တပ်ကို PDF ဗျူဟာ (၂၁) နှင့် (၂၂) ကွပ်ကဲမှုအောက်ရှိ မဟာမိတ်တပ်ရင်းများက ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းတွင် ပြောင်းချောင်းကျေးရွာအနီး၌ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ပွဲကို ဗျူဟာ (၂၁) နှင့် (၂၂) တို့၏ တပ်ရင်းများဖြစ်သော ၃၆၀၁၊ ၃၇၀၁၊ ၃၈၀၁၊ ၃၈၀၂၊ ၃၈၀၃ တို့အပြင် သာယာဝတီခရိုင် တပ်ဖွဲ့ တပ်ခွဲ (၃)၊ သာယာဝတီခရိုင် ပကဖ (ဒရုန်းတပ်ဖွဲ့)၊ ပြည်ခရိုင် ပကဖ နှင့် ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့များ စုပေါင်းကာ အင်အားအလုံးအရင်းဖြင့် ဆင်နွှဲခဲ့ခြင်းဖြစ်သည်။ “စစ်ကောင်စီဘက်က ၅၀ ကျော် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရကာ ကစဉ့်ကလျား ထွက်ပြေးသွားကြတယ်။ အဲဒီစစ်ကြောင်းကို ပူးပေါင်းတပ်ဖွဲ့တွေက လိုက်လံရှင်းလင်းနိုင်ခဲ့သလို လက်နက်ခဲယမ်းနဲ့ စစ်သုံးပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့တယ်” ဟု ပဲခူးတိုင်းစစ်ဌာနက ဆိုထားသည်။ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် လေး ဦး တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ပြီး အချို့မှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါနယ်မြေအတွင်း၌ တော်လှန်ရေးအင်အားစုများက နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဖော်ဆောင်နေသဖြင့် စစ်ရေးတင်းမာမှုများ ရှိနေကြောင်း သိရသည်။ ထို့ကြောင့် တိုက်ပွဲအနီးဝန်းကျင်ရှိ ပြည်သူများ၊ ခရီးသွားပြည်သူများ၊ လမ်းပိုင်းအသုံးပြု သွားလာ နေသည့် ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံရေး သတိပြု သွားလာကြရန် ပဲခူးတိုင်း စစ်ဌာနက မေတ္တာရပ်ခံ အသိပေးထားသည်။ ဓာတ်ပုံ-ပဲခူးတိုင်းစစ်ဌာန #PSM_News #ပဲခူးတိုင်း #အုတ်တွင်း #ပေါက်ခေါင်း #PDF #စစ်ကြောင်းထိုး Post navigation ဂမ်ဘီယာ–မြန်မာ လူမျိုးတုန်းသတ်ဖြတ်မှု အမှုအကြောင်းအရာဆိုင်ရာ လူထုကြားနာမှုများ ICJ တွင် ပြီးဆုံး ကျပ်သိန်းတစ်သိန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို NUG မီးရှို့ဖျက်ဆီး၊ တော်လှန်ရေးရန်ပုံငွေအတွက် မူးယစ်ဆေးဝါးနှင့် လုံးဝအလုပ်မလုပ်ဟု ဆို