PSM (NEWS)
ဇန်နဝါရီ ၃၀၊ ၂၀၂၆

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရန့် သည် ၎င်းနှင့် မိသားစုဝင်များ၊ ထရန့်စီးပွားရေးအဖွဲ့အစည်း၏ လျှို့ဝှက်အခွန်မှတ်တမ်းများကို မီဒီယာများသို့ ပေါက်ကြားစေခဲ့သည် ဟု စွပ်စွဲကာ အမေရိကန် ပြည်တွင်းအခွန်ဝန်ဆောင်မှုဌာန (IRS) နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကို အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ဖြင့် တရားစွဲဆိုလိုက်သည်။

မိုင်ယာမီရှိ ဖက်ဒရယ်တရားရုံးတွင် ကြာသပတေးနေ့က တင်သွင်းခဲ့သည့် အဆိုပါ တရားစွဲဆိုမှုတွင် IRS အနေဖြင့် အခွန်မှတ်တမ်းကဲ့သို့သော လျှို့ဝှက်အချက်အလက်များကို ကာကွယ်ထိန်းသိမ်းရန် ပျက်ကွက်ခဲ့ကြောင်း ဖော်ပြထားသည်။

တရားစွဲဆိုချက်အရ ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်များအတွင်း IRS ၏ ကန်ထရိုက်တာဟောင်းတစ်ဦးဖြစ်သူ ချားလ်စ် လစ်တဲလ်ဂျွန် က ထရန့်မိသားစု၏ အခွန်မှတ်တမ်းများကို New York Times နှင့် ProPublica ကဲ့သို့သော မီဒီယာများသို့ တရားမဝင် ပေါက်ကြားစေခဲ့ခြင်းအပေါ် အစိုးရဌာနများတွင် တာဝန်ရှိကြောင်း စွပ်စွဲထားသည်။

ယင်းအချက်အလက် ပေါက်ကြားမှုကြောင့် ထရန့်မိသားစု၏ ဂုဏ်သိက္ခာနှင့် စီးပွားရေးလုပ်ငန်းများကို ကြီးမားစွာ ထိခိုက်စေခဲ့ကြောင်း တရားစွဲဆိုချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဖက်ဒရယ် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေးဥပဒေများကို ချိုးဖောက်ခဲ့ခြင်းဖြစ်ပြီး လူသန်းပေါင်းများစွာ၏ အကျိုးစီးပွားကိုပါ ထိခိုက်စေခဲ့သည် ဟု ဆိုထားသည်။

အဆိုပါအမှုတွင် ထရန့်နှင့်အတူ ၎င်း၏သားများဖြစ်သော Donald Trump Jr. နှင့် Eric Trump တို့အပြင် Trump Organization ကလည်း တရားလိုအဖြစ် ပါဝင်ထားသည်။

ယခုတရားစွဲဆိုမှုသည် ထရန့်က ဒုတိယအကြိမ် သမ္မတအဖြစ် တာဝန်ထမ်းဆောင်လာပြီးနောက်ပိုင်း ၎င်း၏အုပ်ချုပ်ရေးအောက်ရှိ အစိုးရဌာနများကို ကိုယ်တိုင် ပြန်လည်တရားစွဲဆိုခြင်း ဖြစ်သဖြင့် ထူးခြားသည့် ဖြစ်ရပ်တစ်ရပ် အဖြစ် သုံးသပ်ခံထားရသည်။

ယခုကိစ္စနှင့် ပတ်သက်၍ IRS နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဘက်မှ လတ်တလော တုံ့ပြန်ပြောကြားမှု မရှိသေးကြောင်း သိရသည်။

ကိုးကား – Fox News

#ဒေါ်နယ်ထရန့်
#အခွန်မှတ်တမ်း_ပေါက်ကြားမှု
#ဘဏ္ဍာရေးဝန်ကြီးဌာန
#တရားစွဲ
#ဒေါ်လာ_၁၀_ဘီလီယံ
#𝐏𝐒𝐌_𝐍𝐞𝐰𝐬

See less

By Htet Ko