PSM (NEWS) ဇန်နဝါရီ ၂၉၊ ၂၀၂၆ ဗီယက်နမ်နှင့် ဥရောပသမဂ္ဂ (EU) တို့သည် နှစ်ဖက်ဆက်ဆံရေးကို ဗီယက်နမ်၏ အမြင့်ဆုံးသံတမန်ရေးရာအဆင့်ဖြစ်သည့် “ဘက်စုံဗျူဟာမြောက် မိတ်ဖက်အဆင့်” သို့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် တရားဝင် တိုးမြှင့်လိုက်ကြသည်။ အမေရိကန်၏ သွင်းကုန်ခွန် ဖိအားများကြောင့် ကမ္ဘာ့ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် မတည်ငြိမ်မှုများ ကြုံတွေ့နေရသည့် အချိန်ကာလအတွင်း ယခုကဲ့သို့ ဆက်ဆံရေးအဆင့်မြှင့်တင်ခဲ့ခြင်း ဖြစ်သည်။ ယခုအဆင့်မြှင့်တင်မှုကြောင့် အီးယူသည် ဗီယက်နမ်၏ နိုင်ငံခြားရေးဆက်ဆံမှုများအတွင်း အမေရိကန်၊ တရုတ်နှင့် ရုရှားနိုင်ငံများနှင့် တန်းတူ အရေးပါသည့် မိတ်ဖက်အဖြစ် ရောက်ရှိလာသည်။ ဥရောပကောင်စီ ဥက္ကဋ္ဌ အန်တိုနီယို ကော်စတာ က ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေ မတည်ငြိမ်မှုများ ကြုံတွေ့နေရသည့် ယခုအချိန်တွင် ယုံကြည်စိတ်ချရသော မိတ်ဖက်များအဖြစ် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအောင် တည်ဆောက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ဗီယက်နမ် သမ္မတ လွန်း ကွောင်း (Luong Cuong) ကလည်း ယခုခရီးစဉ်နှင့် ဆက်ဆံရေးအဆင့်မြှင့်တင်မှုကို ဗီယက်နမ်–အီးယူ ဆက်ဆံရေးအတွက် သမိုင်းဝင် အရေးပါသည့် မှတ်တိုင်တစ်ခု အဖြစ် ခေါ်ဆိုခဲ့သည်။ ဗီယက်နမ်နှင့် ဥရောပသမဂ္ဂတို့သည် ၂၀၂၀ ပြည့်နှစ်တွင် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (FTA) ကို လက်မှတ်ရေးထိုးခဲ့ပြီး စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်လာကြသည်။ ယခုဆက်ဆံရေးအဆင့်မြှင့်တင်မှုသည် နိုင်ငံရေး၊ စီးပွားရေးနှင့် ဒေသတွင်း ဗျူဟာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုကျယ်ပြန့်လာစေရန် အထောက်အကူဖြစ်စေမည်ဟု သုံးသပ်ကြသည်။ ကိုးကား – AP #ဗီယက်နမ် #ဥရောပသမဂ္ဂ #ဘက်စုံဗျူဟာမြောက်_မိတ်ဖက်အဆင့် #တိုးမြှင့် #ရင်းနှီးမြှုပ်နှံမှုကဏ္ဍ #ကုန်သွယ်မှု_သဘောတူညီချက် #PSM_News Post navigation မင်နီယာပိုလစ် ဆန္ဒပြတေးသီချင်းကို ဘရုစ် စပရင်းစတင်း ထုတ်ဝေ၊ ‘ICE များ အခုထွက်သွား’ ဟု သီဆို အခွန်မှတ်တမ်းများ ပေါက်ကြားမှုကြောင့် IRS ကို သမ္မတဟောင်း ထရန့် ဒေါ်လာ ၁၀ ဘီလီယံဖြင့် တရားစွဲ