PSM (NEWS) ဇန်နာဝါရီ ၃၀၊ ၂၀၂၆ တရုတ်လေတပ်၏ လျင်မြန်စွာ တိုးတက်လာသော စစ်ရေးစွမ်းဆောင်ရည်များသည် အမေရိကန်နှင့် အနောက်နိုင်ငံများအတွက် အဓိကစိန်ခေါ်မှုတစ်ရပ်အဖြစ် ပြောင်းလဲလာပြီး အင်ဒို–ပစိဖိတ်ဒေသ၏ စစ်ရေးအခြေအနေကို “အခြေခံအဆင့်မှ ပြောင်းလဲစေနိုင်သော စိန်ခေါ်မှု” အဖြစ် ရင်ဆိုင်လာရကြောင်း အစီရင်ခံစာသစ်တစ်ခုက ထောက်ပြထားသည်။ ယခင်က အမေရိကန်လေတပ်သည် တရုတ်ထက် ဝေဟင်စွမ်းအားအရ အလွန်သာလွန်နေဆဲဖြစ်ပြီး ထိုင်ဝမ်နှင့်ပတ်သက်သည့် မည်သည့်ပဋိပက္ခမဆို ဝေဟင်တိုက်ပွဲများကို အလွယ်တကူ ထိန်းချုပ်နိုင်မည်ဟု ယူဆထားခဲ့ကြသည်။ သို့သော် တရုတ်နိုင်ငံက ထိုင်ဝမ်ကို ကိုယ်ပိုင်ပိုင်နက်အဖြစ် ဆက်လက်ဆိုထားပြီး လိုအပ်ပါက စစ်အင်အားသုံး၍ သိမ်းယူမည်ဖြစ်ကြောင်းကိုလည်း ပယ်ချထားခြင်းမရှိပေ။ ကျွမ်းကျင်သူများကတော့ တရုတ်၏ ခေတ်မီစစ်လက်နက်နည်းပညာများကြောင့် ထိုင်ဝမ်ပဋိပက္ခဖြစ်ပွားလာပါက အမေရိကန်နှင့် မဟာမိတ်နိုင်ငံများအနေဖြင့် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ရန် ပိုမိုခက်ခဲလာနိုင်ကြောင်း ABC သတင်းဌာနသို့ ပြောကြားခဲ့သည်။ လန်ဒန်အခြေစိုက် Royal United Services Institute (RUSI) ၏ အစီရင်ခံစာအရ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် အမေရိကန်လေတပ်၏ ဝေဟင်ဆီဖြည့်လေယာဉ်များ၊ ရေတပ်၏ လေယာဉ်တင်သင်္ဘောအုပ်စုများနှင့် ကီလိုမီတာ ၁,၀၀၀ ကျော်အကွာရှိ လေတပ်စခန်းများကိုပါ ခြိမ်းခြောက်နိုင်သည့် စွမ်းရည်များ ပိုင်ဆိုင်လာပြီဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် တရုတ်နိုင်ငံတွင် ပဉ္စမမျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ်များ၊ ခရုစ်ဒုံးကျည်များနှင့် ကုန်းအခြေစိုက်၊ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်များကို ထောင်နှင့်ချီ စုဆောင်းထားရှိပြီး စစ်ရေးအင်အားကို အရှိန်အဟုန်ဖြင့် တိုးချဲ့လာနေသည်ဟု ဆိုသည်။ အစီရင်ခံစာအရ J-20A ကိုယ်ပျောက်တိုက်လေယာဉ် ထုတ်လုပ်မှုမှာ တစ်နှစ်လျှင် အစင်းရေ ၁၂၀ ကျော်အထိ ရောက်ရှိလာပြီး ယင်းပမာဏသည် အမေရိကန်က F-35 တိုက်လေယာဉ်များ ဝယ်ယူနေသည့် အရေအတွက်ထက် နှစ်ဆကျော် ပိုမိုများပြားနေကြောင်း ဖော်ပြထားသည်။ လက်ရှိ ခန့်မှန်းချက်များအရ ၂၀၃၀ ပြည့်နှစ်တွင် တရုတ်လေတပ်၌ အဆင့်မြင့်တိုက်လေယာဉ် အစင်းရေ ၁,၀၀၀ ခန့်အထိ ရှိလာနိုင်ပြီး အင်ဒို–ပစိဖိတ်ဒေသအတွင်း စစ်ရေးအင်အားချိန်ညှိမှုကို အခြေခံအဆင့်မှ ပြောင်းလဲစေနိုင်ကြောင်း RUSI က သတိပေးထားသည်။ ကိုးကား – ABC #တရုတ်လေတပ် #စစ်ရေးစွမ်းဆောင်ရည် #အမေရိကန် #အဓိကစိန်ခေါ်မှုတစ်ရပ် #ခြိမ်းခြောက်နေ #ထိုင်ဝမ်ပဋိပက္ခ #PSM_News Post navigation မာဂိတ်မြို့သည် ‘မိမိအတွက် နိဗ္ဗာန်ဘုံ’ ဟု မက်ဒေါနား ချီးကျူး အိန္ဒိယတွင် နီပါးဗိုင်းရပ်စ် ပြန့်ပွားနိုင်ခြေ နည်းပါးကြောင်း WHO ဆို