PSM (NEWS) ဇန်နဝါရီ ၃၁၊ ၂၀၂၆ အိန္ဒိယနိုင်ငံတွင် အသက်အန္တရာယ်ရှိနိုင်သည့် နီပါးဗိုင်းရပ်စ် ကူးစက်မှု အမှုနှစ်ခုကို တွေ့ရှိထားသော်လည်း အခြားဒေသများသို့ ဆက်လက်ပြန့်ပွားနိုင်ခြေ နည်းပါးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ခရီးသွားလာမှု သို့မဟုတ် ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များ ချမှတ်ရန် မလိုအပ်ကြောင်းလည်း WHO က အကြံပြုထားသည်။ အာရှနိုင်ငံအချို့တွင် အိန္ဒိယမှ လာရောက်သူများကို လေဆိပ်များ၌ ကျန်းမာရေးစစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နေသည့်အချိန်တွင် WHO ၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ WHO က Reuters သတင်းဌာနသို့ ပေးပို့သည့် အီးမေးလ်တွင် “လက်ရှိ တွေ့ရှိထားသော ကူးစက်မှု နှစ်ခုမှ အခြားသူများသို့ ဆက်လက်ပြန့်ပွားနိုင်ခြေကို နည်းပါးသည်ဟု သုံးသပ်ထားသည်” ဟု ဖော်ပြထားပြီး၊ အိန္ဒိယနိုင်ငံအနေဖြင့် ယခင်ကလည်း ယခုကဲ့သို့ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ခဲ့သော အတွေ့အကြုံရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ လက်ရှိအချိန်အထိ လူအချင်းချင်း ကူးစက်မှု မြင့်တက်လာကြောင်း ပြသသည့် အထောက်အထားများ မတွေ့ရသေးကြောင်းလည်း WHO က ဆိုသည်။ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်တွင် ဒီဇင်ဘာလကုန်ပိုင်းက ကျန်းမာရေးဝန်ထမ်း နှစ်ဦးတွင် နီပါးဗိုင်းရပ်စ် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နီပါးဗိုင်းရပ်စ်သည် လင်းနို့နှင့် ဝက်များမှတစ်ဆင့် လူသို့ ကူးစက်တတ်ပြီး ဦးနှောက်ရောင်ရမ်းခြင်း၊ ဖျားနာခြင်းတို့ကို ဖြစ်စေနိုင်သည်။ သေဆုံးမှုနှုန်းမှာ ၄၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ ရှိနိုင်သော်လည်း လူအချင်းချင်း ကူးစက်ရန်အတွက် ရောဂါရှိသူနှင့် အချိန်ကြာမြင့်စွာ နီးကပ်စွာ ထိတွေ့မှုရှိရန် လိုအပ်ကြောင်း ပညာရှင်များက ရှင်းပြသည်။ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပိုးတွေ့ရှိသူများနှင့် ထိတွေ့ခဲ့သူ စုစုပေါင်း ၂၀၀ နီးပါးကို စစ်ဆေးခဲ့ရာတွင် အားလုံးတွင် ရောဂါပိုး မတွေ့ရှိရကြောင်း သိရသည်။ နီပါးဗိုင်းရပ်စ်အတွက် လက်ရှိအချိန်အထိ တရားဝင်ခွင့်ပြုထားသော ကာကွယ်ဆေး သို့မဟုတ် ကုသဆေး မရှိသေးသဖြင့် WHO က အထူးသတိပြုရမည့် ရောဂါပိုးအဖြစ် သတ်မှတ်ထားဆဲဖြစ်သည်။ သို့သော် လက်ရှိဖြစ်စဉ်သည် ဒေသတွင်းအဆင့်၌သာ ကန့်သတ်နေသဖြင့် ပြည်သူများအနေဖြင့် အလွန်အမင်း စိုးရိမ်ရန် မလိုအပ်ကြောင်း WHO နှင့် ကျန်းမာရေးပညာရှင်များက ဆိုသည်။ ကိုးကား — Reuters #ကမ္ဘာ့ကျန်းမာရေးအဖွဲ့ #နီပါးဗိုင်းရပ်စ် #အိန္ဒိယ #လူအချင်းချင်း_ကူးစက်မှု #ပြန့်ပွားနိုင်ခြေ_နည်းပါး #𝐏𝐒𝐌_𝐍𝐞𝐰𝐬 Post navigation တရုတ်လေတပ်၏ အရှိန်အဟုန်ဖြင့် တိုးတက်လာသော စွမ်းဆောင်ရည်များက အမေရိကန်နှင့် အနောက်အုပ်စုကို ခြိမ်းခြောက်နေ ကမ္ဘောဒီးယား လူမျိုးတုံးသတ်ဖြတ်မှုမှ လွတ်မြောက်လာသူ အမျိုးသမီးတစ်ဦးကို အမေရိကန် ICE ဖမ်းဆီး