PSM(News) ဩဂုတ် ၃၊ ၂၀၂၆ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဌာနေကိုယ်စားလှယ်နှင့် မိခင်ဖြစ်သူ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ ဩဂုတ် ၃ ရက် တွင် တွေ့ဆုံခဲ့သည့် သတင်းကို ကြိုဆိုကြောင်းနှင့် အတည်ပြုနိုင်ပါက ငါးနှစ်ကျော်အတွင်း ပထမဆုံး အပြုသဘောဆောင်သည့် တိုးတက်မှုဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း (Kim Aris) က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ရေးသားဖော်ပြခဲ့သည်။ ကိုထိန်လင်းက ယခုတွေ့ဆုံမှုသည် အရေးပါသော ပထမခြေလှမ်း ဖြစ်သော်လည်း နောက်ဆုံးခြေလှမ်း မဖြစ်စေရေးနှင့် နိုင်ငံရေးအကျဉ်းသား အားလုံးနှင့်အတူ မိခင်ဖြစ်သူကို ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုထားသည်။ “ဒီအခြေအနေကနေ လူသားချင်းစာနာမှုဆိုင်ရာ တိုးတက်မှုတွေ ဆက်လက်ဖြစ်ပေါ်လာဖို့ ကျွန်တော် မျှော် လင့်ပါတယ်။ အဲဒီထဲမှာ မေမေနဲ့ တိုက်ရိုက်စကားပြောခွင့်ရရှိရေး၊ မိသားစုနဲ့ တွေ့ဆုံခွင့်ရရှိရေး၊ မေမေရဲ့ ကျန်းမာရေးအခြေအနေကို ယုံကြည်စိတ်ချရပြီး လွတ်လပ်စွာ အတည်ပြုနိုင်တဲ့ သတင်း အချက်အလက်ရရှိရေးနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးနဲ့အတူ မေမေ့ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရေးတို့ ပါဝင်ပါတယ်” ဟု ကိုထိန်လင်းက ရေးသားထားသည်။ ထို့အပြင် မိသားစုနှင့်အတူ ရပ်တည်ပေးခဲ့ကြသူများ၊ အထူးသဖြင့် “Proof of Life” လှုပ်ရှားမှုတွင် ပါဝင်ပေးခဲ့ကြသူများ၊ အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဖိအားပေးမှုများကြောင့် မိခင်ဖြစ်သူ၏ အခြေအနေကို နိုင်ငံတကာက ဆက်လက် အာရုံစိုက်နေနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ကိုထိန်လင်း က ဆိုထားသည်။ ကိုထိန်လင်းသည် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းချိန်မှစ၍ နေပြည်တော် အချုပ်ထောင်အတွင်း အမှောင်ချ ထိန်းသိမ်းခံထားရပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း ရှေ့နေများ၊ မိသားစုဝင်များနှင့် လုံးဝ အဆက် အသွယ် ပြတ်တောက်နေသည့် မိခင်ဖြစ်သူ၏ အသက်အန္တရာယ် စိုးရိမ်ရမှုကြောင့် ရှေ့တန်းထွက်၍ “Proof of Life” ကမ်ပိန်းကို ဦးဆောင်လှုပ်ရှားခဲ့သူ ဖြစ်သည်။ အဆိုပါ ကမ်ပိန်းကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် All in One Piece Movement အဖွဲ့နှင့် ပူးပေါင်း၍ တရားဝင် စတင်ခဲ့ခြင်းဖြစ်ပြီး ကိုထိန်လင်းသည် နိုင်ငံတကာ သံတမန်ရေးရာနှင့် ကမ်ပိန်း လှုပ်ရှားမှု များကို အရှိန်အဟုန်မြှင့် ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ-Kim Aris – Htein Lin (Facebook) Post navigation ငှက်ကိုတိုက်မိသည့် တိုက်လေယာဉ် ပျက်ကျပြီး လေယာဉ်မှူးခုန်ထွက် လွတ်မြောက်ဟု စစ်အုပ်စုပြော တပ်ဖွဲ့နှင့် မသက်ဆိုင်သူများကို အာဏာလုစစ်တပ်ထံ လက်နက်ချခိုင်းရန် ပူးပေါင်းကြံစည်သည့် ရဲဘော် ဟောင်း တစ်ဦးအား တော်လှန်ရေး သစ္စာဖောက်အဖြစ် အင်းလေး PDF ကြေညာ