PSM(News) ဩဂုတ် ၃ ၊ ၂၀၂၆ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် အာဏာလုစစ်အုပ်စု၏ တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့် ပျံသန်းစဉ် ငှက်နှင့်တိုက်မိကာ ပျက်ကျခဲ့ကြောင်း စစ်အုပ်စုက ယနေ့ ဩဂုတ် ၃ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ အာဏာလုစစ်အုပ်စု၏ တ်ိုက်လေယာဉ်သည် ယနေ့ နံနက် ၅ နာရီ ၁၆ မိနစ်ခန့်က မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီး၌ ပုံမှန်လေ့ကျင့်ပျံသန်းမှု ပြုလုပ်နေစဉ် တိုက်ခိုက်ရေးလေယာဉ်သည် ငှက်အုပ်များနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း စစ်တပ် ဝါဒဖြန့်မီဒီယာ မြဝတီရုပ်မြင်သံကြား၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ ထိုသို့ ငှက်နှင့်တိုက်မိပြီးနောက် အင်ဂျင်မီးလောင်ကာ ပျက်ကျခဲ့ရခြင်းဖြစ်ပြီး လေယာဉ်မှူးမှာ အရေးပေါ် ထွက်ခွာသည့်စနစ် (Ejection System) ကို အသုံးပြု၍ လေထီးဖြင့် ခုန်ထွက်လွတ်မြောက်ခဲ့ကြောင်း စစ်အုပ်စုက ကြေညာထားသည်။ စစ်တပ် ထုတ်ပြန်ချက်နှင့်ပတ်သက်၍ “ရာသီဥတု ဒီလောက် ဆိုးရွားနေတာကို အဲ့ဒီ အချိန် အဲ့ဒီနာရီမှာ လေ့ကျင့်ခန်းထလုပ်ရင်း ပျက်ကျတယ်လို့ ထုတ်တာ လူရီစရာကြီး ဖြစ်မနေဘူးလား။ ပြည်သူတွေ အိပ်မောကျချိန် ညသန်းခေါင်၊ မနက်အစောကြီးတွေ ဗုံးကြဲနေတဲ့ လူသတ်မိစ္ဆာတွေရဲ့ လုပ်ရပ် လူတိုင်း သိနေတာပဲ” ဟု CDM အရာရှိက PSM ကို ပြောသည်။ လက်ရှိတွင် အာဏာလုစစ်အုပ်စု တပ်ဖွဲ့များက လေယာဉ်ပျက်ကျသည့် ညောင်နှစ်ပင်ကျေးရွာ ပတ်ဝန်းကျင်နယ်မြေကို လုံခြုံရေးယူကာ အပျက်အစီးများကို ရှာဖွေစိစစ်လျက်ရှိပြီး ပျက်ကျသွားသည့် တိုက်ခိုက်ရေးလေယာဉ် အမျိုးအစားနှင့် မြေပြင်ထိခိုက်မှု အသေးစိတ်ကိုမူ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။ အာဏာလုစစ်အုပ်စုသည် မကွေး၊ စစ်ကိုင်း၊ ရခိုင်၊ ကချင်နှင့် ကရင်နီ ပြည်နယ်တို့အပါအဝင် စစ်ပွဲဖြစ်ပွားရာ ဒေသများရှိ ပြည်သူများ အိပ်မောကျနေသည့် ညသန်းခေါင်နှင့် နံနက်အစောပိုင်း အချိန်များတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ခပ်စိပ်စိပ် ပြုလုပ်လေ့ရှိသည်။ ပုံစာ – တိုက်လေယာဉ်များ တပ်တော်ဝင်စဉ် အောင်သပြေဖြင့် ပတ်ဖြန်းနေသော အာဏာလု စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ (ပုံဟောင်း) Post navigation ICRC ဌာနေကိုယ်စားလှယ်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ကြောင်း အာဏာလု စစ်အုပ်စု ထုတ်ပြန် ICRC နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုသည် ၅ နှစ်အတွင်း အပြုသဘောဆောင်သည့် တိုးတက်မှုဟု ကိုထိန်လင်းဆို၊ မိခင် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် ဆက်လက်တောင်းဆို