PSM(News) ဩဂုတ် ၃၊ ၂၀၂၆ အဓမ္မဖမ်းဆီးခြင်းခံထားရသည့် လူထုခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ကို ယနေ့ ဩဂုတ်လ ၃ ရက် နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque က လာရောက်တွေ့ဆုံခဲ့ကြောင်း အာဏာလုစစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ရိုက်တာ သတင်းတွင်လည်း ဖော်ပြ ထားသည်။ ICRC ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque သည် ယခု လူထုခေါင်းဆောင်နှင့် မတွေ့ဆုံမီ ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့ကလည်း အာဏာလုစစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင် ဆွေနှင့် နေပြည်တော်တွင် တွေ့ဆုံ၍ ICRC ၏ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။ သို့သော်လည်း ယနေ့တွေ့ဆုံမှုနှင့် ပတ်သက်၍ အာဏာလုစစ်အုပ်စုဘက်မှ တွေ့ဆုံသည့်နေရာ၊ ဆွေးနွေးသည့် အကြောင်းအရာနှင့် ကျန်းမာရေး အခြေအနေများကို အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးသလို၊ ICRC ဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။ အာဏာလုစစ်အုပ်စုက ဖော်ပြထားသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC ဌာနေကိုယ် စားလှယ်တို့ တွေ့ဆုံနေသည့် ဓာတ်ပုံများနှင့် ပတ်သက်၍ ICRC ဘက်မှ တရားဝင် အတည်ပြုချက် ထုတ်ပြန်ခြင်းမရှိသလို ဖော်ပြပါပုံတွင်ပါရှိသည့် ဇွန်လ ၂၉ ရက်နေ့စွဲဖြင့် ရေးသားထားသည့် မွေးနေ့ကိတ်ပုံမှာလည်း လူထုခေါင်း ဆောင်၏ မွေးနေ့အမှန်ဖြစ်သော ဇွန်လ ၁၉ ရက်နှင့် လွဲမှားနေသည်ကို တွေ့ရသည်။ အသက် ၈၁ နှစ်အရွယ်ရှိပြီဖြစ်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် “ကျန်းမာရေး အလွန်ကောင်းမွန်ပြီး ပုံမှန်ဆေးစစ်မှုများ ပြုလုပ်ပေးနေသည်” ဟု နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အာဏာလုစစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ဖြေကြား ထားသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း (Kim Aris) နှင့် နိုင်ငံတကာ သံတမန်များကမူ အသက်အရွယ်အရ ဖြစ်ပေါ်တတ်သည့် ကျန်းမာရေး အခြေအနေများအပေါ် စိုးရိမ်ကြောင်းနှင့် တွေ့ဆုံခွင့်ပေးရန် မကြာခဏ ထုတ်ဖော်ပြောကြားလေ့ရှိသည်။ ကနဦးတွင် ထောင်တွင်း၌ သီးခြား ဖမ်းဆီးခံခဲ့ရသည့် လူထုခေါင်းဆောင်ကို ပြီးခဲ့သည့် ဧပြီ ၃၀ ရက် က နေအိမ်အချုပ်သို့ ပြောင်းရွှေ့ခဲ့ကြောင်း အာဏာလုစစ်အုပ်စုက ထုတ်ပြန်ခဲ့ပြီး ပြစ်ဒဏ် ၁ ပုံ ၆ ပုံလျှော့ပေါ့ခဲ့၍ ထောင်ဒဏ် ၁၈ နှစ်ဝန်းကျင်သို့ လျော့ကျခဲ့သည်။ အာဏာလုစစ်အုပ်စုက ဖော်ပြထားသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC ဌာနေ ကိုယ် စားလှယ်တို့ တွေ့ဆုံနေသည့် ဓာတ်ပုံများနှင့် ပတ်သက်၍လည်း ICRC ဘက်မှ တရားဝင် အတည် ပြုချက် ထုတ်ပြန်ထားခြင်းမရှိသလို ဇွန်လ ၂၉ ရက်နေ့စွဲ ဖြင့် ရေးသားထားသည့် မွေးနေ့ကိတ်ပုံမှာလည်း လူထုခေါင်းဆောင်၏ မွေးနေ့အမှန်ဖြစ်သော ဇွန်လ ၁၉ ရက်နှင့် လွဲမှားနေ သည်ကို တွေ့ရသည်။ ဓာတ်ပုံ-အာဏာလုစစ်အုပ်စု ပုံစာ-စစ်အုပ်စုကထုတ်ပြန်ထားသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC ဌာနေ ကိုယ် စားလှယ်တို့ တွေ့ဆုံနေသည့် ဓာတ်ပုံများ၊ ICRC ဌာနေကိုယ်စားလှယ် နှင့် စစ်အုပ်စုဝန်ကြီး ဦးတင်မောင်ဆွေ ဇူလိုင် ၃၀ ရက်နေ့က တွေ့ဆုံစဉ်။ Post navigation ဝက်လက်နှင့် မလှိုင်ရှိ ကျေးရွာများကို စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲ၊ သက်ကြီးပိုင်း အမျိုးသမီး ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများရှိ ငှက်ကိုတိုက်မိသည့် တိုက်လေယာဉ် ပျက်ကျပြီး လေယာဉ်မှူးခုန်ထွက် လွတ်မြောက်ဟု စစ်အုပ်စုပြော