PSM (NEWS) ဇူလိုင် ၃ ၊၂၀၂၆ လစ်သူယေးနီးယားနိုင်ငံ၏ လွှတ်တော်ပါတီများသည် နိုင်ငံအတွင်း နျူကလီးယားလက်နက်များနှင့် နိုင်ငံခြားစစ်အခြေစိုက်စခန်းများထားရှိခြင်းကို တားမြစ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မများကို ပြင်ဆင်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း သမ္မတ ဂီတာနပ်စ် နောဆီဒါ က ပြောကြားလိုက်သည်။ ဤလုပ်ဆောင်ချက်သည် ဒေသတွင်း လုံခြုံရေးတွက်ချက်မှုများကို ရုရှားက ပြောင်းလဲပစ်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရလဒ်တစ်ခုဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က ဆိုဗီယက်ယူနီယံမှ လစ်သူယေးနီးယား ခွဲထွက်ပြီးနောက် ချမှတ်ခဲ့သော အဆိုပါ တားမြစ်ချက်များကို ပယ်ဖျက်ရန်အတွက် လွှတ်တော်တွင် နှစ်ကြိမ် မဲခွဲဆုံးဖြတ်ရမည်ဖြစ်ပြီး သုံးပုံနှစ်ပုံအမတ်များ၏ ထောက်ခံချက် လိုအပ်မည်ဖြစ်သည်။ “ပထဝီနိုင်ငံရေး အခြေအနေတွေက ပိုမိုဆိုးရွားလာနေပါတယ်” ဟု သမ္မတ ဂီတာနပ်စ် နောဆီဒါ က ကြာသပတေးနေ့တွင် လွှတ်တော်ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များအား ပြောကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့စဉ်က ပထဝီနိုင်ငံရေး အခြေအနေတွေက အခုနဲ့ လုံးဝကွဲပြားခြားနားနေပါတယ်” ဟု ၎င်းက ဆိုသည်။ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(NATO)အဖွဲ့ဝင်နိုင်ငံဖြစ်သည့် လစ်သူယေးနီးယားသည် ရုရှား၏ ကာလင်နင်ဂရက် နယ်မြေနှင့် မော်စကို၏ မဟာမိတ် ဘီလာရုစ်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် လစ်သူယေးနီးယားသည် ၎င်း၏ ကာကွယ်ရေးအသုံးစရိတ်ကို သုံးဆအထိ တိုးမြှင့်ခဲ့သည်။ ရုရှား၏ တိုက်ခိုက်မှုကို ဟန့်တားရန်အတွက် လစ်သူယေးနီးယားသည် ၎င်း၏ တပ်မတော်ကို အဆင့်မြှင့်တင်ခြင်း၊ နယ်စပ်ဒေသများကို ခံတပ်များသဖွယ် တည်ဆောက်ခြင်းနှင့် ၂၀၂၇ ခုနှစ်တွင် အပြီးသတ်အခြေစိုက်မည့် ဂျာမနီတပ်မတော်၏ တိုက်ခိုက်ရေးတပ်ဖွဲ့အတွက် အခြေခံအဆောက်အအုံများကို ပြင်ဆင်နေသည်။ ယခုကြေညာချက်သည် ရုရှားနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ၎င်း၏ နျူကလီးယားလက်နက် တားမြစ်ချက်ဥပဒေကို ရုပ်သိမ်းရန် စီစဉ်နေကြောင်း ကြေညာခဲ့သည့်NATO မဟာမိတ် ဖင်လန်နိုင်ငံ၏ ဆုံးဖြတ်ချက် ထွက်ပေါ်ပြီး လေးလအကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ လစ်သူယေးယား၏ နျူကလီးယားလက်နက် တားမြစ်ချက်သည် NATO အဖွဲ့ဝင်နိုင်ငံများတွင် အတင်းကျပ်ဆုံး ဖြစ်နိုင်ကြောင်း ဗီလ်နီယပ်စ်ရှိ ပထဝီနိုင်ငံရေးနှင့် လုံခြုံရေးလေ့လာရေးစင်တာမှ အကြီးအကဲ လီနပ်စ် ကိုဂျာလာက ရိုက်တာသို့ ပြောကြားခဲ့သည်။ “နျူကလီးယားလက်နက်တွေဟာ တားဆီးဟန့်တားရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ လက်ရှိ ပထဝီနိုင်ငံရေး အခြေအနေနဲ့ အခုလို ကန့်သတ်ချက်တွေက မကိုက်ညီဘူးဆိုတဲ့အချက်ကို အားလုံးက သဘောတူညီထားကြပါတယ်” ဟု ကိုဂျာလာက ထပ်လောင်းပြောဆိုသည်။ လစ်သူယေးနီးယားတွင် နျူကလီးယားလက်နက်များကို ချက်ချင်းသိုလှောင်ရန် အစီအစဉ်မရှိသေးကြောင်း သမ္မတ နောဆီဒါက ပြောကြားခဲ့သော်လည်း၊ ယခုကဲ့သို့ ပြင်ဆင်မှုပြုလုပ်ခြင်းဖြင့် လုံခြုံရေးအခြေအနေ ပြောင်းလဲလာပါက နိုင်ငံအနေဖြင့် ဆောင်ရွက်ရန် အဆင်သင့်ဖြစ်စေမည်ဖြစ်သည်။ ထို့အပြင် လစ်သူယေးနီးယားသည် နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ သဘောတူညီချက် (NPT) တွင် ဆက်လက် ပါဝင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက အတည်ပြုပြောကြားခဲ့သည်။ ကိုးကား-Reuters Post navigation ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ဘယ်လ်ဂျီယံအသင်း (၂) ဂိုးရှုံးနိမ့်နေရာမှ ပြန်လည်အနိုင်ယူကာ ဆီနီဂေါအသင်းကို အနိုင်ရရှိ ဗင်နီဇွဲလားငလျင်တွင် ပိတ်မိနေသူတစ်ဦးကို (၈) ရက်အကြာတွင် အံ့ဩဖွယ်ရာ ကယ်ဆယ်နိုင်ခဲ့