PSM(NEWS)

ဇူလိုင် ၃၊ ၂၀၂၆

ဗင်နီဇွဲလားနိုင်ငံတွင် လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က လှုပ်ခတ်ခဲ့သည့် ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် အဆောက်အအုံအောက်တွင် ပိတ်မိနေသူတစ်ဦးကို (၈) ရက်အကြာတွင် ကယ်ဆယ်ရေးအဖွဲ့များက “အံ့ဩဖွယ်ရာ” အနေဖြင့် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည်။

အသက် (၄၄) နှစ်အရွယ် ဟာနန် အယ်လ်ဘာတို ဂီးလ် ဖလောရက်စ် သည် လာဂွိုင်ရာ မြို့ရှိ စျေးဝယ်စင်တာတစ်ခု၏ ကားပါကင်အဆောက်အအုံ ပြိုကျမှုအတွင်း အမြင့် (၂၉) ပေရှိ အပျက်အစီးများအောက်တွင် ပိတ်မိနေခဲ့ခြင်းဖြစ်သည်။ အဆိုပါနေရာသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဆက်တိုက်လှုပ်ခတ်ခဲ့သည့် ငလျင်နှစ်ခုကြောင့် အဆိုးရွားဆုံး ထိခိုက်ခဲ့သော နေရာဖြစ်သည်။

၎င်း၏ဇနီးဖြစ်သူက CNN သတင်းဌာနသို့ ပြောကြားရာတွင် ခင်ပွန်းဖြစ်သူကို ရှာမတွေ့မီ ရက်ပေါင်းများစွာ ဝမ်းနည်းကြေကွဲခဲ့ရပြီး သေဆုံးသွားပြီဟု ထင်မှတ်ထားခဲ့ကြောင်း၊ သို့သော်လည်း ကြာသပတေးနေ့တွင် ကယ်ဆယ်ရေးအဖွဲ့များ၏ ကြီးမားသော ကြိုးပမ်းမှုဖြင့် အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

“သူအသက်ရှင်နေသေးတယ်လို့ သိလိုက်ရတဲ့အချိန်မှာတော့ ကျွန်မအတွက် မျှော်လင့်ချက်ရောင်ခြည်တစ်ခုကို မြင်လိုက်ရသလိုပါပဲ” ဟု ၎င်းက ပြောသည်။ “သူဟာ သူရဲကောင်းတစ်ယောက်လိုပဲ ကြံ့ကြံ့ခံခဲ့တာပါ” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ကိုးကား-The Independent

By Htet Ko