မောင်မောင်ကဲ/PSM(News) ဇူလိုင် ၃ ၊ ၂၀၂၆ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့တွင် ကျန်းမာရေး ဆုမွန်ကောင်းတောင်းပေးခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ (CPC) နိုင်ငံတကာဌာနကို ကျေးဇူး တင်ရှိကြောင်း ပြောကြားရန် သားငယ်ဖြစ်သူ ကိုထိန်လင်း (Kim Aris) က လန်ဒန်မြို့ရှိ တရုတ် သံအမတ်ကြီးထံသို့ စာရေးသား ပေးပို့ခဲ့သည်။ ကိုထိန်လင်းက ယခုကဲ့သို့ ခက်ခဲပင်ပန်းရသည့် ကာလအတွင်း တရုတ်ကွန်မြူနစ်ပါတီဘက်မှ ပေးပို့လာသော နွေးထွေးသည့် ဆုတောင်းစကားမျိုးသည် ၎င်းတို့ မိသားစုအတွက်သာမက မိခင်ဖြစ်သူကို အလေးထား ချစ်ခင်ကြသူများ အားလုံးအတွက်ပါ အထူးတန်ဖိုးထား ကျေးဇူးတင်စရာ ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ဖော်ပြောကြားထားသည်။ “မေမေ ကျန်းမာနေကောင်းစေဖို့ ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံ တကာဌာနကို ကျေးဇူးတင်ကြောင်းပြောဖို့ လန်ဒန်မှာရှိတဲ့ တရုတ်သံအမတ်ကြီးထံ စာရေးသားပေးပို့ ခဲ့ပါတယ်။ အခုလို နွေးထွေးတဲ့ဆုတောင်းပေးမှုမျိုးဟာ ခက်ခဲပင်ပန်းရတဲ့ဒီကာလမှာ ကျွန်တော့် မိသားစုနဲ့ မေမေ့ကို အလေးထားကြသူတွေ အားလုံးအတွက် အထူးတန်ဖိုးထားကျေးဇူးတင်စရာပဲ ဖြစ်ပါတယ်” ဟု ကိုထိန်လင်းက ပြောကြားထားသည်။ တရုတ်အစိုးရသည် ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့ကလည်း တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ပြုလုပ်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ လင်းကျန့် က ဒေါ်အောင်ဆန်းစုကြည်သည် “တရုတ်နိုင်ငံ၏ မိတ်ဆွေဟောင်း” ဖြစ်ပြီး အမြဲတမ်း အလေးထား စောင့်ကြည့်နေကြောင်း ထည့်သွင်းပြောကြားခဲ့ဖူးသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုသို့ ထုတ်ဖော်ပြောကြားပြီး နာရီပိုင်းအကြာမှာပင် စစ်အုပ်စုက ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်များကို လျှော့ပေါ့ကာ နေအိမ်အချုပ်သို့ ရွှေ့ပြောင်းပေးကြောင်း ဓာတ်ပုံတစ်ပုံနှင့်အတူ ၎င်းတို့၏ ဝါဒဖြန့် မီဒီယာများမှတစ်ဆင့် အချိန်ကိုက် ထုတ်ပြန်ကြေညာခဲ့သည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်ကို ယခုကဲ့သို့ နေအိမ်အချုပ်သို့ ပြောင်းရွှေ့သည့် အခင်းအကျင်းသည် တရုတ်အစိုးရ၏ သံတမန်ရေးရာ ဖိအားပေးမှု သို့မဟုတ် ကြိုတင်ညှိနှိုင်းမှုများနှင့် တိုက်ရိုက် သက်ဆိုင်နေကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောဆိုခဲ့သည်။ ဓာတ်ပုံ-ကိုထိန်လင်း FB Post navigation စစ်အုပ်စု၏ ရက် ၁၀၀ စီမံကိန်းအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ၁,၀၀၀ ကျော် ကျူးလွန်ခဲ့ပြီး လေကြောင်း နှင့် အစုလိုက်အပြုံသတ်ဖြတ်မှုများကြောင့် ပြည်သူ ၄၀၀ ကျော် သေဆုံး မလှိုင်တွင် စစ်အုပ်စုလက်အောက်ခံ ရဲစစ်ကြောင်းကို ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်၊ ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၁၀ ဦး လက်နက်ချအညံ့ခံ