မောင်မောင်ကဲ/PSM (News)

ဇူလိုင် ၃၊ ၂၀၂၆

အာဏာလုစစ်အုပ်စု၏ “ရက် ၁၀၀ စီမံကိန်း” ကာလအတွင်း နိုင်ငံတစ်ဝန်း၌ လူ့အခွင့်အရေး ချိုးဖောက် မှုဖြစ်စဉ်ပေါင်း ၁,၀၄၅ မှုအထိ ကျူးလွန်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့် အရေးဆိုင်ရာ ဝန်ကြီးဌာန၏ စောင့်ကြည့်မှတ်တမ်းများအရ သိရသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံအဖြစ် တင်မြှောက်ကာ ရွေးကောက်ပွဲအတုအတွက် တင်ပြနိုင်ရန် “တိုင်းပြည်ကို ထိန်းချုပ်နိုင်ပြီ” ဟု နိုင်ငံတကာကို လှည့်စားရန် ကြိုးပမ်းနေသည့် ရက် ၇၀ ကျော် ကာလအတွင်း ယခုကဲ့သို့ စစ်ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းဖြစ်ကြောင်း NUG လူ့အခွင့် အရေးဆိုင်ရာ ဝန်ကြီးဌာနက ယမန်နေ့ ဇူလိုင် ၂ ရက်နေ့တွင် ထုတ်ပြန်သည်။

အာဏာလု စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်များအနက် မကွေးတိုင်းသည် ဖြစ်စဉ်ပေါင်း ၁၉၉ မှုဖြင့် အများဆုံး ချိုးဖောက်ခံရသည့် ဒေသဖြစ်သည်။

စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သည့် စစ်ကြောင်းထိုးမှုများနှင့် တစ်ပြိုင်နက်တည်း လူ ငါး ဦးနှင့်အထက် သတ်ဖြတ်သည့် “အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု” ဖြစ်စဉ်ပေါင်း ၂၀ ခုအထိ ရှိခဲ့ပြီး အရပ်သားပြည်သူ ၁၆၂ ဦး သေဆုံးခဲ့ရသည်။

အစုလိုက် သတ်ဖြတ်မှုဖြစ်စဉ်များအနက် ချင်းပြည်နယ်တွင် ၅ ကြိမ်ဖြင့် အများဆုံး ဖြစ်ပွားခဲ့ပြီး မန္တလေး တိုင်းတွင် ၃ ကြိမ်၊ မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ၂ ကြိမ်စီအပြင်၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင် ၁ ကြိမ်စီ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အာဏာလုစစ်အုပ်စု၏ မြေပြင်သတ်ဖြတ်မှုများအပြင်လေယာဉ်နှင့် ဒရုန်းအပါအဝင် လေကြောင်းတိုက် ခိုက်မှုပေါင်း ၁,၁၄၇ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၂၇၇ ဦး ထပ်မံသေဆုံးခဲ့ရသည်။ ဝေဟင်တိုက်ခိုက်မှုကြောင့် သေဆုံးသူများတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၄၅ ဦး ပါဝင်ပြီး၊ အခြားပြည်သူ ၄၃၁ ဦးမှာလည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် လေကြောင်းတိုက်ခိုက်မှုများကြောင့်ပင် ပြည်သူတို့၏ နေအိမ် ၆၀၀ လုံး၊ စာသင်ကျောင်း ၂၂ ကျောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံ ၉ ခုနှင့် ဘာသာရေးအဆောက်အအုံ ၃၀ ခုတို့ ထိခိုက်ပျက်စီးခဲ့ရသည်။

လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ခိုင်မာစွာ ကောက်ယူရရှိထားသည့် သာဓက ဖြစ်စဉ်များအနက် ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့တွင် မန္တလေးတိုင်း မြင်းခြံမြို့နယ် ဖက်ပင်အိုင်ကျေးရွာအား စစ်အုပ်စု၏ တပ်မ (၉၉) က အင်အားသုံး စီးနင်းပြီး လူနေအိမ် ၃၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ထို့ပြင် သက်ကြီး လရွယ်အိုများနှင့် ရုပ်အလောင်း သယ်ဆောင်သူများကိုပါ ဒရုန်းဖြင့် ထပ်မံဗုံးကြဲ သတ်ဖြတ်ခဲ့သည်။

အလားတူ ပြီးခဲ့သည့် မေ ၁၂ ရက်နေ့တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင် ရိုဟင်ဂျာ မိသားစုဝင် ၇ ဦးကို ရေတပ်က ပစ်ခတ်ခဲ့ပြီး အသက် လေးနှစ်အရွယ် ကလေးငယ် အပါအဝင် တစ်မိသားစုလုံးသေဆုံးခဲ့သည်။

ယင်းအပြင် မေ ၂၇ ရက်နေ့တွင် ငါန်းဇွန်မြို့နယ် ငါန်းလွှန့်နှင့် သပြေသာရွာများသို့ စစ်ကြောင်းထိုး ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ကလေးငယ်များအပါအဝင် စစ်ရှောင်ပြည်သူများ ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များကိုလည်း လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက အတည်ပြု ဖော်ပြထားသည်။

NUG ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနသည် အပြစ်မဲ့ ပြည်သူများကို ပစ်မှတ်ထားနေသည့် စစ်အုပ်စု၏ ဝေဟင်တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်သွားစေရန် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဂျက်လေယာဉ်ဆီ ထောက်ပံ့ရေး လမ်းကြောင်းများနှင့် စစ်အုပ်စု၏ ဘဏ္ဍာရေး အရင်းအမြစ်များကို အချိန်မဆွဲဘဲ ထိရောက်ပြတ်သားစွာ ပိတ်ဆို့အရေးယူပေးရန် အရေးပေါ် ထပ်မံတောင်းဆိုထားသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed