PSM(News)

ဇူလိုင် ၃၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း (၂၀) အတွင်း ဖြစ်ပွားခဲ့သည့် အမျိုးသမီးရဲဘော်တစ်ဦး၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားခံရမှု ဖြစ်စဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တရားမျှတမှု ဖော်ဆောင်ပေးရန် ကြန့်ကြာနေကြောင်း တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက် အဖွဲ့အစည်း စုစုပေါင်း ၁၇၂ ဖွဲ့က ယမန်နေ့ ဇူလိုင် ၃ ရက်တွင် ပူးတွဲသဘောထား ထုတ်ပြန်ခဲ့သည်။

NUG သည် တရားမျှတမှုအတွက် ကြန့်ကြာနေရုံသာမက တော်လှန်ရေးအတွင်း အမြစ်တွယ်နေသည့် “လူမျိုးနှင့် ဘာသာရေးအခြေခံ ခွဲခြားဆက်ဆံမှုများ” ကိုပါ ဘေးဖယ်မျက်ကွယ်ပြုထားကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဝေဖန်ထောက်ပြထားသည်။

ယခုလုပ်ရပ်သည် ဖက်ဒရယ်ဒီမိုကရေစီ စံနှုန်းများတွင် အရေးကြီးသည့် လူထုအသံနှင့် လူနည်းစု အခွင့် အရေးများကို NUG က ပေါ်ပေါ်တင်တင် မျက်ကွယ်ပြုလိုက်ခြင်းဖြစ်သည်ဟု အဆိုပါ အဖွဲ့များက ဆိုထားသည်။

အဆိုပါဖြစ်စဉ်သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဖွဲ့အစည်းများ၏ တောင်းဆိုမှုကြောင့် ကာကွယ်ရေးဝန်ကြီးဌာန (MOD) က တပ်ရင်းမှူးအပါအဝင် သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးနေကြောင်း မတ် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သော်လည်း ၆ လကျော် ကြာသည်အထိ ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိသေးပေ။

ထို့ကြောင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် NUG ၏ စုံစမ်းစစ်ဆေးရေးခုံရုံး လုပ်ငန်းစဉ်၌ ဘေးကင်းလုံခြုံမှုနှင့် ပွင့်လင်းမြင်သာမှု ကင်းမဲ့နေသည့် အားနည်းချက်များကို ထည့်သွင်း ဖော်ပြထားသည်။

ခုံရုံးဆင့်ခေါ်စာကို ဘေးကင်းသော လမ်းကြောင်းမှ ပို့ဆောင်ခြင်းမပြုဘဲ နစ်နာသူ၏ ဖခင်နှင့် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသည့် အင်းတော်စစ်ဒေသ တာဝန်ရှိသူတစ်ဦးထံမှတစ်ဆင့် ပေးပို့ခဲ့သည်။ ထို့ပြင် နစ်နာသူ အမျိုးသမီးရဲဘော်သည် ပထမအကြိမ် စုံစမ်းစစ်ဆေးမှု ခံယူစဉ်က တပ်ရင်းမှူးနှင့် တပ်သားများ၏ ဝိုင်းဝန်းရိုက်နှက်ခြင်းကို ခံခဲ့ရဖူးသဖြင့် လူကိုယ်တိုင်လာရောက်ရန် စိတ်မလုံခြုံ၍ အွန်လိုင်း (Zoom) မှတစ်ဆင့် အစစ်ဆေးခံရန် တောင်းဆိုခဲ့သော်လည်း ခုံရုံးဘက်က လက်ခံခြင်းမရှိခဲ့ပေ။

ထိုသို့ စာပေးပို့ပြီးချိန်မှစ၍ ဇွန်လ ၂၀ ရက်နေ့အထိလည်း ခုံရုံးဘက်က နစ်နာသူထံ တိုက်ရိုက် ဆက်သွယ်ခြင်း မရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အဖွဲ့အစည်း ၁၇၂ ဖွဲ့က တပ်ရင်းမှူး ရန်ရှင်းအောင် အပါအဝင် မုဒိမ်းမှုကျူးလွန်သူနှင့် ပါဝင်ပတ်သက်သူ အားလုံးကို အမြန်ဆုံးအရေးယူရန်၊ လိုအပ်ပါက လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရန်နှင့် ၅ နှစ်တာ တော်လှန်ရေးကာလအတွင်း ကျူးလွန်ခံခဲ့ရသော အမျိုးသမီးနှင့် ကလေးငယ်များအားလုံးအတွက် တရားမျှတမှု ဖော်ဆောင်ပေးရန် တောင်းဆိုထားသည်။

ထို့အပြင် NUG ၏ ထုတ်ပြန်ချက်များတွင် ပြည်သူများ ထောက်ပြနေသည့် “လူမျိုးနှင့် ဘာသာအခြေခံ ခွဲခြားမှု” အခင်းအကျင်းကို ဖုံးကွယ်ထားခြင်းမရှိဘဲ အမှန်အတိုင်း ထည့်သွင်းဖော်ပြရန်နှင့် ခွဲခြား ဆက်ဆံခြင်းမပြုရေး မူဝါဒများကို လက်တွေ့အကောင်အထည်ဖော်ရန်လည်း တိုက်တွန်းထားသည်။

လက်ရှိတွင် နစ်နာသူ အမျိုးသမီးနှင့် မိသားစုဝင်များကို တပ်ရင်း၏ ဖိအားပေးမှုများမှ ကင်းလွတ်စေရန် အမျိုးသမီးအဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများက စုပေါင်း၍ ဘေးကင်းရာနေရာသို့ ရွှေ့ပြောင်းပေးထားပြီး ဖြစ်ကြောင်း သိရသည်။

အစိုးရတစ်ရပ်အနေဖြင့် အမှုဖြစ်စဉ်တစ်ခုကို ထိရောက်စွာ ကိုင်တွယ်နိုင်ခြင်းမရှိဘဲ အားနည်း ချက်များစွာ ရှိနေခြင်းသည် ပြည်သူလူထုကို လေးစားမှုမရှိခြင်းဖြစ်ကြောင်းနှင့် မိမိတို့ တာဝန်ယူရမည့် ကိစ္စရပ်များကို ပြတ်ပြတ်သားသား တာဝန်ယူရန် အရပ်ဘက်အဖွဲ့အစည်းများက ပြင်းထန်စွာ သတိပေးထားသည်။

ပုံစာ-ယင်းမာပင်ခရိုင် တပ်ရင်း (၂၀) အတွင်း လိင်ပိုင်း စော်ကားခံခဲ့ရသည်​့ အမျိုးသမီးဖြစ်ပါသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed