PSM (NEWS)

ဇူလိုင် ၃၊ ၂၀၂၆

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကျူးရှူးဒေသမြောက်ပိုင်းတွင် ကြာသပတေးနေ့ နံနက်အစောပိုင်းမှစ၍ မိုးတိမ်တိုက်များ စုဝေးဖြစ်ပေါ်ခဲ့ရာ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြေပြိုခြင်းနှင့် ရေကြီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ခဲ့သည်။

ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က ပြည်သူများအား အထူးသတိပြုရန် တိုက်တွန်းထားပြီး ကြာသပတေးနေ့ နံနက်ပိုင်းတွင် ကင်ကီး၊တိုခိုင် နှင့် ကန်တို-ကိုရှင်းဒေသများတွင်လည်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။

လက်ရှိတွင် ရာသီဥတု မိုးလေဝသစနစ်နှင့် လေဖိအားနည်းရပ်ဝန်းတို့သည် ဂျပန်နိုင်ငံအနောက်ပိုင်းတစ်လျှောက် တည်ရှိနေသည်။ ဖူကူအိုကာ၊ ဆာဂါနှင့် နာဂါဆာကီစီရင်စုများတွင် နံနက်အစောပိုင်း၌ မိုးတိမ်တိုက်များ အတန်းလိုက် ဖြစ်ပေါ်ခဲ့ပြီး အိုအိတာနှင့် ကူမာမိုတိုစီရင်စုများသို့လည်း ပျံ့နှံ့ခဲ့သဖြင့် သတိပေးချက်များ ထုတ်ပြန်ထားသည်။

သတင်းများအရ ကူမာမိုတိုစီရင်စု၊ အိုဂူနီမြို့အနီးရှိ ချီကူဂိုမြစ် ရေလျှံခဲ့ပြီး ကျူးရှူးဒေသအတွင်း နေရာအချို့၌ မြေပြိုမှုများ ဖြစ်ပွားကြောင်း အစီရင်ခံထားသည်။ မိုးလေဝသဌာနမှ လူနေအိမ်ရာများအနီး မြေပြိုမှု၊ မြစ်ရေလျှံမှု၊ ရေကြီးမှုနှင့်အတူ လျှပ်စီးလက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ တော်နီဒို လေဆင်နှာမောင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိရှိကြရန် တိုက်တွန်းထားသည်။

ကိုးကား-NHK

By Htet Ko