PSM News ဇူလိုင် ၂၊ ၂၀၂၆ မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းသို့ အာဏာလုစစ်အုပ်စုက စစ်ကြောင်းထိုး စီးနင်းဝင်ရောက် နေသောကြောင့် အရှေ့မြောက်ပိုင်းရှိ ကျေးရွာ ၁၆ ရွာမှ အိမ်ထောင်စု ၂,၀၆၄ စု၊ ဒေသခံပြည်သူ ၁၀,၁၇၁ ဦးကျော် ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှ ထွက်ခွာလာသည့် အင်အား ၅၀၀ နီးပါးရှိသော အာဏာလုစစ်အုပ်စု၏ အကြမ်းဖက်စစ်ကြောင်းသည် မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများကို ဖြတ်သန်းကာ ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့တွင် ပေါက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်သည်။ “မြိုင်ဘက် တွင်းမ ပျူစောထီးရွာက ထွက်တဲ့ စစ်ကြောင်း၊ အခုလောလောဆယ် ညောင်ရေတည်း မှာပဲရှိသေးတယ်။ ညောင်ရေတည်းဆိုတာ ပေါက်နယ် အရှေ့ပိုင်းကျတယ်” ဟု အညာမြေ အရပ်ဖက် အဖွဲ့အစည်း – မြိုင် မှ တာဝန်ရှိသူက PSM ကို ပြောသည်။ လက်ရှိတွင် အဆိုပါ အာဏာလုစစ်အုပ်စု စစ်ကြောင်းကြောင့် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ ရွာမှ အမျိုးသား ၄,၇၈၃ ဦးနှင့် အမျိုးသမီး ၅,၃၈၈ ဦး၊ စုစုပေါင်း ပြည်သူ ၁၀,၀၀၀ ကျော်မှာ နီးစပ်ရာကျေးရွာများနှင့် တောတောင်များအတွင်း၌ ယာယီစစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဟင်းချက်စရာများ အရေးပေါ် အကူအညီ လိုအပ်လျက်ရှိကြောင်း ပေါက်မြို့နယ် – လူသားစာဌာန က ထုတ်ပြန်ထားသည်။ ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများက စစ်ဘေးရှောင် ပြည်သူများအတွက် စားနပ်ရိက္ခာများကို နီးစပ်ရာ နယ်မြေခေါင်းဆောင်များနှင့် အမြန်ဆုံးချိတ်ဆက်၍ ဝိုင်းဝန်း ကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။ ”ဒေသခံတွေအပြင် မြိုင်ဘက်က ရှောင်နေတဲ့ စစ်ရှောင်တွေရော ဆိုရင် စစ်ရှောင်ကများတဲ့ အနေ အထား။ ညောင်ရေတည်း အနီးပတ်ဝန်း ကျင်က ရွာတွေပေါ့။ အခု လောလောဆယ် ထွက်ပြေးနေရတဲ့ ရွာတွေက ပေါက်နယ် ဘက်မှာတင် ၁၀ ရွာ ထက်မနည်းရှိ လိမ့်မယ်” ဟု စစ်ရှောင်အခြေအနေကို အညာမြေအရပ်ဖက်အဖွဲ့အစည်း – မြိုင် တာဝန်ရှိသူကဆိုသည်။ အာဏာလု စစ်အုပ်စု စစ်ကြောင်းသည် ပြီးခဲ့သည့် ဇွန် လ ပထမပတ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ပုသိမ် – မုံရွာ လမ်းပေါ်ရှိ ရေပြာရွာရဲစခန်းကို ဦးတည်ကာ ထိုးစစ်ဆင်နိုင်ကြောင်း ၎င်း က ဆက်လက်ပြောကြားသည်။ ထို့ပြင် ယခုစစ်ကြောင်းထိုးလာသည့် တပ်မ ၁၀၁ လက်အောက်ခံ တပ်ဖွဲ့ဝင်များတွင် ပြီးခဲ့သည့် မေလနှင့် ဇွန် လအတွင်းက မြစ်ခြေမြို့နယ်အတွင်း၌ အရပ်သားများကို အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် သမိုင်းဆိုးရှိသော စစ်အုပ်စု တပ်ဖွဲ့ဝင်များ ပါဝင်နေသဖြင့် ဒေသခံပြည်သူ များအနေဖြင့် ဘေးကင်းလုံခြုံရေးအတွက် အထူးသတိပြုကြရန် အညာမြေအရပ်ဘက်အဖွဲ့အစည်း (မြိုင်) ကလည်း ကြိုတင်သတိပေး ထုတ်ပြန် ထားသည်။ ဓာတ်ပုံ-ပေါက်မြို့နယ် လူသားစာနာ Post navigation မန္တလေးမှ အာဏာလုစစ်အုပ်စု၏ စစ်ကူရေယာဉ်များ ဆန်တက်လာ၍ ကန့်ဘလူမြို့နယ်အတွင်း ဧရာဝတီ မြစ်ကမ်းဘေး နေထိုင်သူများ ကြိုတင်တိမ်းရှောင်ရန် ပအဖ သတိပေးချက်ထုတ်ပြန် တော်လှန်ရေးအတွင်း ဘာသာ၊ လူမျိုးခွဲခြားမှုနှင့် လိင်ပိုင်းစော်ကားမှုကို NUG မျက်ကွယ်ပြုထားဟု အဖွဲ့ ၁၇၂ ဖွဲ့ ပြင်းထန်စွာ ဝေဖန်