PSM(NEWS )

ဇွန် ၃၊၂၀၂၆

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ကြား နှစ်ရှည်လများ ဖြစ်ပွားနေသော ရေကြောင်းနယ်နိမိတ် အငြင်းပွားမှုကို ဖြေရှင်းရန်အတွက် ကုလသမဂ္ဂ၏ မဖြစ်မနေ လုပ်ဆောင်ရမည့် ကြားဝင်စေ့စပ်ရေး လုပ်ငန်းစဉ်ကို စတင်လိုက်ပြီဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံက အင်္ဂါနေ့တွင် ကြေညာလိုက်သည်။

ယခုကဲ့သို့ လုပ်ဆောင်ချက်မှာ ထိုင်းအစိုးရက ၂၀၀၁ ခုနှစ်တွင် ချုပ်ဆိုခဲ့သော ရေကြောင်းနယ်နိမိတ်ဆိုင်ရာ သဘောတူညီချက်ကို ပြီးခဲ့သည့်လက တစ်ဖက်သတ် ရပ်စဲလိုက်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုင်းပင်လယ်ကွေ့အတွင်းရှိ အငြင်းပွားနေသည့် အဆိုပါ ရေပြင်ဧရိယာတွင် သဘာဝဓာတ်ငွေ့ ၁၂ ထရီလီယံ ကုဗပေနှင့် ရေနံအမြောက်အမြား ရှိနေပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ခန့်ရှိမည်ဟု ခန့်မှန်းထားသည်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်က “ကျွန်ုပ်တို့၏ အချုပ်အခြာအာဏာနှင့် ရေကြောင်းဆိုင်ရာ အခွင့်အရေးများကို နိုင်ငံတကာဥပဒေနှင့်အညီ ကာကွယ်ရန်အတွက် ဤခြေလှမ်းကို လှမ်းခဲ့ခြင်းဖြစ်သည်” ဟု ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ ပင်လယ်ပြင်ဆိုင်ရာဥပဒေ သဘောတူစာချုပ် (UNCLOS) အရ ဤလုပ်ငန်းစဉ်တွင် လွတ်လပ်သော ကျွမ်းကျင်သူများပါဝင်သည့် ကော်မရှင်တစ်ခုက အငြင်းပွားမှုကို စစ်ဆေးပြီး အကြံပြုချက်များ ပေးအပ်မည်ဖြစ်သည်။ သို့သော် ၎င်း၏ ဆုံးဖြတ်ချက်များသည် နှစ်ဖက်စလုံးအတွက် ဥပဒေအရ ချည်နှောင်မှု (legally binding) ရှိမည်မဟုတ်ပေ။

ကမ္ဘောဒီးယားအစိုးရ၏ ထုတ်ပြန်ချက်အရ နိုင်ငံခြားရေးဝန်ကြီး ပရက်ခ် ဆိုခွန်ကို ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားပြီး၊ ဒိန်းမတ်သံတမန် ပီတာ တက်ဆိုး-ဂျန်ဆင်နှင့် ပြင်သစ်ပညာရှင် ဂျင်း-မာ့ခ် သူဗန်းနင် တို့ကိုလည်း စေ့စပ်သူများအဖြစ် ခန့်အပ်ထားသည်။ “ထိုင်းနိုင်ငံအနေဖြင့် ၂၁ ရက်အတွင်း ကိုယ်စားလှယ် နှစ်ဦးကို ခန့်အပ်ရမည်ဖြစ်ပြီး၊ ထိုကိုယ်စားလှယ်များက နောက်ထပ် ဥက္ကဋ္ဌတစ်ဦးကို ရွေးချယ်ကာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကြီးကြပ်မှုဖြင့် ကြားဝင်စေ့စပ်ရေး ကော်မရှင်ကို ဖွဲ့စည်းသွားမည်ဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်းဝန်ကြီးချုပ် အနူတင် ချန်းဗီရာကူ ကမူ ကမ္ဘောဒီးယား၏ လုပ်ဆောင်ချက်အပေါ် မသိရှိသေးကြောင်းနှင့် “ထိုင်းနိုင်ငံအနေဖြင့် မည်သို့ဆက်လက် ဆောင်ရွက်မည်ကို မဆုံးဖြတ်ရသေးကြောင်း” သတင်းထောက်များကို ပြောကြားခဲ့သည်။

ယခုကဲ့သို့ အငြင်းပွားမှု ဖြစ်ပွားနေသော်လည်း ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သော နှစ်နိုင်ငံ နယ်စပ်ပဋိပက္ခများကို အဆုံးသတ်ထားသည့် အပစ်အခတ်ရပ်စဲရေးမှာမူ လက်ရှိအချိန်အထိ တည်ငြိမ်နေဆဲဖြစ်သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *