PSM(News) ဇွန် ၃၊ ၂၀၂၆ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကျီးပြတ်ကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အာဏာလု အစိုးရ စစ်တပ်ကို ပဲခူးအနောက်ရိုးမ ဗျူဟာ-၂၂ ကွပ်ကဲမှုအောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သဖြင့် စစ်ကြောင်းမှူး ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီဘက်က ၁၂ ဦး သေဆုံးခဲ့ကြောင်း ပဲခူးအနောက်ရိုးမဗျူဟာ-၂၂ ၏ ထုတ်ပြန်ချက်အရ သိရသည်။ အုတ်ဖိုမြို့နယ်၊ ကျီးပြတ်ကျေးရွာအတွင်း စစ်ကြောင်းထိုးလာပြီး ပြည်သူပိုင် ခြံဝင်းတစ်ခုအတွင်း၌ မတရားတပ်စွဲနေရာယူထားသည့် စစ်တပ်ကို ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ခန့်တွင် ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ခွဲများက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များသည် ယင်းနေ့ ညနေ ၅ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် စစ်တပ် စွဲထားရာ ကျီးပြတ်ကျေးရွာအတွင်းသို့ ဒရုန်းများဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ပြီးနောက် မြေပြင် ချေမှုန်းရေးအဖွဲ့များက ထပ်မံစီးနင်း တိုက်ခိုက်ခဲ့ကြသည်။ အဆိုပါ ထိတွေ့တိုက်ပွဲသည် ၂ နာရီ၃၀မိနစ်ခန့်အထိ ပြင်းထန်စွာ ကြာမြင့်ခဲ့ပြီးနောက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုများစွာဖြင့် တပ်ဆုတ်ထွက်ပြေးသွားခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့များက လိုက်လံ ရှင်းလင်းခဲ့ ပြီး ကျီးပြတ်ကျေးရွာကို ပြန်လည်စီးနင်း ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ၁၂ ဦး သေဆုံးခဲ့သည့်အပြင် စစ်ကြောင်းမှူး ဗိုလ်အဆင့်ရှိသူ တစ်ဦးမှာလည်း ဒရုန်းဗုံးသီး ထိမှန်ကာ နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။ တိုက် ပွဲတွင် ပါဝင်ခဲ့သည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်ကမူ တစ်စုံတစ်ရာထိခိုက် ခြင်းမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်။ အဆိုပါ တိုက်ပွဲကို ပဲခူးအနောက်ရိုးမ ဗျူဟာ (၂၂) လုံခြုံရေးတပ်ဖွဲ့နှင့်အတူ အမျိုးသားညီညွတ် ရေးအစိုးရ (NUG)၊ ပြည်သူကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းတိုင်းစစ်ဒေသ ခရိုင်တပ်ရင်းများဖြစ်ကြသည့် ၃၇၀၁ တပ်ရင်း တပ်ခွဲ (၂)၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ တပ်ရင်း ၃၈၀၁ တပ်ခွဲ (၁) နှင့် တပ်ခွဲ (၅)၊ သာယာဝတီခရိုင် တပ်ရင်း (၃)၊ သာယာဝတီခရိုင် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ တပ်ခွဲ (၃) မိုးညို၊ လက်ပံတန်းမြို့နယ် ပကဖ၊ သာယာဝတီခရိုင် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ (ရွှေတန်းမြေ)၊ သာယာဝတီခရိုင် ပကဖ ဒရုန်းတပ်ဖွဲ့နှင့် ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ (၇) တပ်ခွဲ (၁) တို့က ညီညီညွတ်ညွတ် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရုပ်သံ-ပဲခူးအနောက်ရိုးမဗျူဟာ-၂၂ Post navigation မေလအတွင်း အာဏာလုစစ်အုပ်စုကြောင့် ပြည်သူ ၄၉ ဦး သေဆုံးပြီး ၇ ဦး ဖမ်းဆီးခံရ ညောင်ဦးမှ တောင်သာသို့ ထိုးလာသည့် အာဏာလု စစ်အုပ်စုစစ်ကြောင်း ဖြတ်တောက်တိုက်ခိုက်ခံရသဖြင့် ၁၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ