PSM(News) ဇွန် ၃၊ ၂၀၂၆ ၂၀၂၆ ခုနှစ်၊ မေလအတွင်း နိုင်ငံတစ်ဝန်း၌ အာဏာလုစစ်အုပ်စု၏ လက်ချက်ကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် အရပ်သားပြည်သူ စုစုပေါင်း ၄၉ ဦး သေဆုံးခဲ့ပြီး နိုင်ငံရေးအရ ဖမ်းဆီး ချုပ်နှောင်ခံရသူ ခုနစ် ဦး ရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။ သေဆုံးသူများတွင် ဖမ်းဆီးခံရပြီးနောက် အကျဉ်းထောင်နှင့် စစ်ကြောရေးစခန်းများအတွင်း အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူသုံးဦး ပါဝင်နေကြောင်း သိရသည်။ ထို့ပြင် ယခုဖော်ပြပါ ကိန်းဂဏန်းများသည် အမည်နှင့်တကွ အတည်ပြုနိုင်သမျှ အချက်အလက် များကိုသာ ထည့်သွင်းထားခြင်းဖြစ်ပြီး မြေပြင်တွင် အမှန်တကယ် ဖြစ်ပွားနေသည့် ဖြစ်စဉ်များနှင့် သေဆုံး၊ ဖမ်းဆီးခံရမှု အရေအတွက်မှာ ယခုထက် များစွာပိုမိုနိုင်ကြောင်း AAPP က ဆိုသည်။ လက်ရှိတွင်လည်း အတည်ပြုရန် လိုအပ်နေသေးသည့် သေဆုံးသူ ၇၃ ဦးဝန်းကျင်၏ အချက်အလက် များကို သီးခြားကောက်ယူထားပြီး ဆက်လက်စိစစ်နေဆဲဖြစ်ကြောင်း သိရသည်။ “စစ်အုပ်စုရဲ့ ရက် ၁၀၀ စီမံကိန်းဆိုတာ ငြိမ်းချမ်းရေးအတွက် မဟုတ်ဘဲ အပြစ်မဲ့ ကလေးတွေ၊ အမျိုးသမီးတွေ၊ စာသင်ကျောင်းတွေ၊ သာသနိက အဆောက်အအုံတွေကို လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်၊ ဖျက်ဆီးဖို့နဲ့ ပြည်သူတွေကို အကြောက်တရားနဲ့ ဖိနှိပ်အုပ်ချုပ်ဖို့ လုပ်ဆောင်နေတဲ့ စီမံကိန်းပဲဖြစ်တယ် ဆိုတာ ဒီလ လစဉ်ထုတ်အချက်အလက်တွေက မီးမောင်းထိုးပြနေပါတယ်” ဟု AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ သေဆုံးနေရခြင်းသည် စစ်အုပ်စု၏ “တိတ်တဆိတ် လူသတ်နည်းပြယုဂ်” ဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိ တည်နေရာနှင့် ကျန်းမာရေးအခြေအနေတို့ကို တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသည့်အပေါ် တွင်လည်း ဦးဘိုကြည်က ဝေဖန်ထောက်ပြထားသည်။ “ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာရှိနေတယ်၊ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိနေတယ် ဆိုတာကို တရားဝင်ဖော်ထုတ်မပြရဲတာဟာလည်း စစ်အုပ်စုရဲ့ ပွင့်လင်းမြင်သာမှုမရှိခြင်းနဲ့ သူရဲဘောကြောင်မှုပဲ ဖြစ်ပါတယ်” ဟု AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ဆိုသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်တပ်၏ အကြမ်းဖက် ဖြိုခွဲမှု၊ လက်နက် ကြီးပစ်ခတ်မှု၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများနှင့် မတရားဖမ်းဆီး နှိပ်စက်မှုများ ကြောင့် အရပ်သား ပြည်သူအမြောက်အမြား နေ့စဉ်နှင့်အမျှ ထိခိုက်သေဆုံးလျက်ရှိသည်။ ဓာတ်ပုံလူမှုကွန်ရက် Post navigation အုတ်ဖိုတွင် ရဲကွန်မန်ဒို ၁ ဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိ၊ ပေါ်တာဆွဲ ဖမ်းဆီးခံထားရသည့် ပြည်သူ ၁ ဦးကိုပါ ကယ်တင်နိုင်ခဲ့ အုတ်ဖိုတွင် စစ်ကြောင်းထိုးလာသည့် အာဏာလုအစိုးရ စစ်တပ်ကို ဗျူဟာ ၂၂ နှင့် ပူးပေါင်းတပ်များ ဒရုန်းဖြင့် ကြဲချတိုက်ခိုက်၊ စစ်ကြောင်းမှူး ဗိုလ်တစ်ဦးအပါအဝင် ၁၂ ဦး သေဆုံး