PSM (NEWS) ဇွန် ၃၊ ၂၀၂၆ ကမ္ဘာ့ထိပ်တန်း စွမ်းအင်နှင့် နည်းပညာကဏ္ဍများတွင် မရှိမဖြစ်လိုအပ်သည့် မြေရှားသတ္တု ထုတ်လုပ်မှုနှင့် သန့်စင်မှုတွင် တရုတ်နိုင်ငံသည် ၎င်း၏ အဆင့်မြင့်ပညာရေးနှင့် သုတေသနကဏ္ဍတို့ကို အသုံးချ၍ ကမ္ဘာ့ဈေးကွက်ကို ဆက်လက်ချုပ်ကိုင်ထားနိုင်ကြောင်း Reuters ၏ လေ့လာတွေ့ရှိချက်များအရ သိရသည်။ ကျွမ်းကျင်လုပ်သားအင်အားနှင့် ပညာရေးစနစ် တရုတ်နိုင်ငံသည် ပပေါင်းတိုမြို့ကဲ့သို့သော နေရာများတွင် မြေရှားသတ္တုဆိုင်ရာ အထူးပြုဓာတ်ခွဲခန်း ၄၀ ကျော်နှင့် တက္ကသိုလ်၊ နည်းပညာကောလိပ် ၁၁ ခုကို တည်ထောင်ကာ နှစ်စဉ် ကျောင်းသား ၅၀၀ ကျော်ကို ဘွဲ့သင်တန်းများဖြင့် မွေးထုတ်ပေးလျက်ရှိသည်။ အဆိုပါ ပညာရေးစနစ်သည် စက်မှုလုပ်ငန်းနှင့် တိုက်ရိုက်ချိတ်ဆက်ထားပြီး၊ ဘွဲ့ရများသည် လုပ်ငန်းခွင်သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် အလုပ်တွင် ထိရောက်မှုရှိကြောင်း လုပ်ငန်းရှင်များက ဆိုသည်။ ပထဝီနိုင်ငံရေးနှင့် စက်မှုဗျူဟာ တရုတ်နိုင်ငံ၏ မြေရှားသတ္တုဆိုင်ရာ သင်ရိုးညွှန်းတမ်းများတွင် သိပ္ပံပညာသာမက ပထဝီနိုင်ငံရေးဆိုင်ရာ အရေးပါမှုများကိုပါ ထည့်သွင်းသင်ကြားပေးနေသည်။ မြေရှား သတ္တုများသည် “ကမ္ဘာ့နိုင်ငံရေးတွင် အဓိက အားသာချက် (Core bargaining chips)” ဖြစ်ကြောင်း ကျန်းရှီးသိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ တာဝန်ရှိသူများက ဝန်ခံထားပြီး၊ ၎င်းတို့၏ ရည်ရွယ်ချက်မှာ တရုတ်နိုင်ငံ၏ ကမ္ဘာ့ဦးဆောင်နေရာကို ထိန်းသိမ်းရန်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အနောက်နိုင်ငံများ၏ စိန်ခေါ်မှုနှင့် အမေရိကန်၏ တုံ့ပြန်မှု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အနောက်နိုင်ငံခေါင်းဆောင်များသည် တရုတ်၏ ထိန်းချုပ်မှုကို ဖြိုခွင်းရန် ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသည်။ သို့သော်လည်း အမေရိကန်နိုင်ငံ၌ မြေရှား သတ္တုဆိုင်ရာ သီးသန့်ဘွဲ့သင်တန်းများ မရှိသေးခြင်းနှင့် သတ္တုတွင်းလုပ်ငန်းအပေါ် လူငယ်များ၏ စိတ်ဝင်စားမှုနည်းပါးခြင်းတို့က စိန်ခေါ်မှုဖြစ်နေသည်။ အမေရိကန် စွမ်းအင်ဌာနအနေဖြင့် ပြည်တွင်း၌ ထုတ်လုပ်မှုတိုးမြှင့်ရန်နှင့် သုတေသနလုပ်ငန်းများကို ရန်ပုံငွေထောက်ပံ့ရန် ကြိုးပမ်းလျက်ရှိသည်။ ပတ်ဝန်းကျင်နှင့် နည်းပညာဆိုင်ရာရှုပ်ထွေးမှု မြေရှား သတ္တု ၁၇ မျိုးကို ခွဲထုတ်ခြင်းသည် အလွန်ရှုပ်ထွေးပြီး ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည်။ သို့သော် တရုတ်နိုင်ငံရှိ အမျိုးသားအင်ဂျင်နီယာ သုတေသနစင်တာများမှ တီထွင်လိုက်သော နည်းပညာသစ်များဖြင့် ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်နိုင်ခဲ့သည်။ လက်ရှိအချိန်တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ မြေရှား သတ္တု သန့်စင်မှုနှင့် သံလိုက်ထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားသည်။ တရုတ်နိုင်ငံသည် နည်းပညာနှင့် စက်ပစ္စည်း တင်ပို့မှုများကို တင်းကျပ်စွာ ကန့်သတ်ထားပြီး၊ မြေရှား သတ္တု နည်းပညာများ ပြင်ပသို့ မပေါက်ကြားစေရေးအတွက် လုံခြုံရေးအစီအမံများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။ ကိုးကား-Reuters Post navigation ယူကရိန်းစစ်ပွဲ- ရုရှားနိုင်ငံက လပေါင်းများစွာအတွင်း အကြီးမားဆုံး ဒရုန်းနှင့် ဒုံးကျည်များဖြင့် ကိယက်ဗ်မြို့ကို တိုက်ခိုက် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ကြား ရေကြောင်းနယ်နိမိတ် အငြင်းပွားမှုကို ဖြေရှင်းရန် ကုလသမဂ္ဂ၏ ကြားဝင်စေ့စပ်ရေး လုပ်ငန်းစဉ် စတင်