PSM News

မတ် ၃၊ ၂၀၂၆

စစ်ကော်မရှင်က မတ်လ ၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် လွတ်ငြိမ်းသက်သာခွင့် ထုတ်ပြန်ချက်အရ ယနေ့ မတ်လ ၃ ရက် နေ့လယ် ၁ နာရီအထိ အကျဉ်းထောင် ၃၁ ခုမှ နိုင်ငံရေးအကျဉ်းသား (နိုင်ကျဉ်း) ၃,၆၁၃ ဦး လွတ်မြောက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အတည်ပြုထုတ်ပြန်သည်။

စစ်ကော်မရှင်၏ ယမန်နေ့က ထုတ်ပြန်သော အမိန့်အမှတ် ၈/၂၀၂၆ တွင် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့ဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၇,၃၃၇ ဦးကို လွတ်ငြိမ်းခွင့်ပေးပြီး အမှုဖွင့်ခံထားရသူ ၁၂,၄၈၇ ဦးကို အမှုရုပ်သိမ်းပေးမည်ဟု ကြေညာခဲ့သည်။ သို့သော် လက်ရှိအချိန်အထိ မြေပြင်တွင် အမှန်တကယ် လွတ်မြောက်လာသည့် နိုင်ကျဉ်းအရေအတွက်မှာ ကြေညာချက်ပါ အရေအတွက်ထက် ထက်ဝက်ခန့် လျော့နည်းနေသည်ကို တွေ့ရသည်။

ယမန်နေ့က ပြန်လည်လွတ်မြောက်လာသူများစာရင်းတွင် ပါဝင်သည်ဟု သတင်းထွက်ပေါ်ခဲ့သည့် ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီးဦးရဲမင်းဦးနှင့် မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီတို့မှာ အမှန်တကယ် လွတ်မြောက်လာခြင်းမရှိဘဲ စစ်ကော်မရှင်က ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။

“စစ်ကော်မရှင်က ထောင်သောင်းချီ လွှတ်ပေးတယ်လို့ ဝါဒဖြန့်နေပေမဲ့ တကယ်တမ်း လွတ်လာတဲ့ အထဲမှာ နာမည်ကြီးတဲ့ထောင်တွေမှာတောင် အနည်းအကျဉ်းပဲ ပါသေးတာ တွေ့ရတယ်” ဟု နိုင်ငံရေးအကျဉ်းသားတစ်ဦးက PSM News ကို ပြောသည်။

PPNM ၏ အတည်ပြုချက်အရ အကျဉ်းထောင်အလိုက် အိုးဘိုအကျဉ်းထောင်တွင် နိုင်ကျဉ်း ကျား/မ စုစုပေါင်း ၉၃၂ ဦးဖြင့် အများဆုံး လွတ်မြောက်လာပြီး မကွေးထောင်မှ ၃၃၉ ဦး၊ မုံရွာထောင်မှ ၂၄၇ ဦး၊ ညောင်ရွှေထောင် (တောင်လေးလုံး) မှ ၂၈၄ ဦး၊ ဒိုက်ဦးအကျဉ်းထောင်မှ ၂၃၉ ဦးနှင့် ကျိုက်မရော အကျဉ်းထောင်မှ ၁၆၀ ဦးတို့ ဖြစ်ကြောင်း သိရသည်။

ထူးခြားချက်အနေဖြင့် ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်တွင် နိုင်ကျဉ်းအမျိုးသမီး ၅ ဦးသာ လွတ်မြောက်သေးကြောင်း အတည်ပြုထားနိုင်ပြီး ကျန်ရှိသူများအတွက် ဆက်လက်စိစစ်နေရဆဲ ဖြစ်သည်။ ထို့ပြင် လွိုင်ကော်၊ ပခုက္ကူ၊ ရွှေဘိုနှင့် ရမည်းသင်း အကျဉ်းထောင်များအပါအဝင် ထောင်အချို့ တွင် လွတ်မြောက်သူ ကျား/မ အရေအတွက်ကို ဆက်လက်အတည်ပြုနေဆဲ ဖြစ်သည်။

စစ်ကော်မရှင်သည် နိုင်ငံတကာ၏ ဖိအားများကို လျှော့ချရန်အတွက် လွတ်ငြိမ်းခွင့်ကို ဝါဒဖြန့် ကိရိယာအဖြစ် အသုံးပြုခဲ့သော်လည်း အထင်ကရ နိုင်ငံရေးအကျဉ်းသားများကိုမူ ဆက်လက်ဖမ်းဆီး ထားကြောင်း လေ့လာစောင့်ကြည့်သူများက ဆိုသည်။

#လွတ်ငြိမ်း

#နိုင်ကျဉ်း

#စစ်ကော်မရှင်ဟန်ပြလွတ်ငြိမ်း

#PSM_News

By Htet Ko